မန္တလေးတွင် ဆန်စပါး အသင်းချုပ်၏ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေသော ဆန်ဆိုင်ပေါင်း (၁၅၀) ကျော်အထိရှိလာ

0
69

မန္တလေးမြို့တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေသည့် လက်လီ ဆန်ဆိုင်ပေါင်း (၁၅၆) ဆိုင် ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း၊ ဆန်စက်ပိုင်များအသင်းနှင့် ဆန်လက်လီရောင်းချသူများမှ မန္တလေးမြို့တွင် ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီဖြစ်သည့် အဆိုပါ ဆန်ဆိုင်များကို စာရင်းထုတ်ပြန်ပေးထားခြင်းဖြစ်သည်။

ရည်ညွှန်းဈေးမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၉၀၀) ကျပ်၊ (၁၀၈) ပေါင် တစ်အိတ် (၁၄၀၀၀၀) ကျပ်၊ ဧရာမင်းအုပ်စု တစ်ပြည် (၄၅၀၀)ကျပ်၊ (၁၀၈) ပေါင် တစ်အိတ် (၁၀၅၀၀ဝ)ကျပ်၊ ဧည့်မထဆန် တစ်ပြည် (၂၈၀၀) ကျပ်၊ (၁၀၈) ပေါင် တစ်အိတ် (၆၇၀၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့မှ စားသုံးသူ ပြည်သူများအနေဖြင့် တစ်ဦးလျှင် (၁) ပြည်မှ စ၍ (၂၄) ပြည် တစ်အိတ်အထိကို အိမ်ထောင်စု ဇယားမလို၊ မှတ်ပုံတင်မလိုဘဲ ပြည်သူများ အားလုံး လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

အများပြည်သူ ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများဖြစ်ပေါ်စေပြီး နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် (၁၀၂) လုံး၊ ဆန်စက် (၂၅) ခု၊ ဆိုင်ခန်း (၇) ခုတို့မှ ဆန်စပါး လုပ်ငန်းရှင် (၅၈) ဦးအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှလစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းထက်အမြတ်အစွန်း ပိုမိုရယူကာ ရောင်းချမှု ရှိ/မရှိအား လုံခြုံရေး အဖွဲ့အစည်းများက ဖော်ထုတ် စစ်ဆေးအရေးယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူလူထု အနေဖြင့်လည်း ဆန်ဈေးကွက်အတွင်း ဝယ်ယူစားသုံးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမို၍အမြတ်အစွန်းရယူရောင်းချနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများသို လျှိဝှက်စွာသတင်းပေးပို့နိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here