တရုတ်နိုင်ငံခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ပြန်လည်ရောက်ရှိ

0
65

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၂၇) ရက်တွင် တရုတ်နိုင်ငံသို့ နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကာ ယမန်နေ့က ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ဇွန်လ (၂၉)ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့ သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်ခဲ့ပြီး လင်ကွန်းကျောက်တိုက် ကျောင်းတိုင်ဆရာတော် ချမ်းကျန့်အားရိုသေစွာဖြင့် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအားပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် လက်ခံတွေ့ဆုံခဲ့ကာ မြန်မာ – တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှအခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဇွန်လ (၃၀)ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှနေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦး၊ ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ (သံမှူးကြီး) မစ္စချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here