ဇူလိုင်လ ပထမ (၁၀) ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်ပြီး ဇူလိုင်ပထမအပတ် မြစ်ရေအခြေအနေများ မိုး/ဇလ ထုတ်ပြန်

0
56

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ပထမ (၁၀)ရက် ပတ်အတွင်း ဆက်လက်မြင့်တက်လာနေမည်ဖြစ်ကြောင်း မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဇူလိုင် (၁)ရက်တွင် ထုတ်ပြန်အသိပေးထားသည်။

ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြိူ့၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့တို့တွင် (၆) ပေမှ (၁၀) ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊မကွေးမြိူ့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၁၀) ပေမှ (၁၂) ပေခန့်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်တို့တွင် (၄)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့ ၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈) ပေမှ (၁၃) ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာမည်ဟု မိုး/ဇလက ဆိုသည်။

မြစ်သာမြစ်ရေသည်လည်း ကလေးမြို့တွင် (၅)ပေခွဲခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံမြို့တိူ့တွင် (၁)ပေမှ (၃)ပေခန့်နှင့် မြစ်ငယ်မြို့တွင် (၈) ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် (၂) ပေမှ (၃) ပေခန့်၊ သံလွင်မြစ်ရသည် ဘားအံမြို့တွင် (၂) ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီတွင် (၂)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါး သိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၃) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂) ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၃)ပေခွဲခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာမည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

လက်ရှိတွင်မူ ကချင်ပြည်နယ်အထက် မိုးသည်းထန်စွာရွာနေသည့်အတွက် ဧရာဝတီမြစ်ရေသည် ဆက်မြင့်တက်‌နေကာ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးမှုဒဏ်ကို ခံနေရကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၁)ရက် မိုး/ဇလ၏ ထုတ်ပြန်ချက်အရလည်း မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ကာရွာသွန်းမည်ဟု ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here