နိုင်ဂျီးရီးယား၌ အသေခံဗုံးခွဲ၊ ၁၈ ဦးထက်မနည်းသေဆုံး

0
51

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်၌ ဇွန် ၂၉ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး ထက်မနည်း သေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး ဌာန အကြီးအကဲက ပြောကြားခဲ့သည်။

ဘော်နိုပြည်နယ်သည် ၁၅ နှစ်ကြာအစ္စလာမ္မစ်အစွန်းရောက်များ၏ တိုက်ခိုက်မှုကိုခံနေရပြီး လူထောင်ပေါင်းများစွာသေဆုံးကာ သန်းပေါင်းများစွာကိုလည်းအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

နိုင်ဂျီးရီးယားစစ်တပ်၏ချေမှုန်းမှုများသည် စစ်သွေးကြွများ၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသော်လည်း အရပ်သားများနှင့်လုံခြုံရေးပစ်မှတ်များကို သေစေလောက်သည့် တိုက်ခိုက်မှုများကိုမူ မဟန့်တားနိုင်သေးဘဲ စစ်သွေးကြွများကဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟုသိရသည်။

ဘော်နိုပြည်နယ်၏ အရေးပေါ် စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဘာကင်ဒိုဆိုင်ဒူးကမူ အသေခံ ဗုံးခွဲသူများသည် မင်္ဂလာဆောင်၊အသုဘနှင့် ဆေးရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသဖြင့် လူအများအပြားသေဆုံးကာ ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုနောက်ဆုံးတိုက်ခိုက်မှု၌ သေဆုံးသူ ၁၈ ဦးရှိကြောင်းအတည်ပြုထားပြီး သေဆုံးသူများတွင် ကလေးများ၊လူကြီးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်းပါဝင်သည်ဟုသိရသည်။

“ဒဏ်ရာရသူတွေထဲ ဝမ်းဗိုက်ပေါက်ပြဲ၊ဦးခေါင်းခွံကျိုးနဲ့ ခြေလက်ကျိုးတာတွေပါဝင်ပါတယ်” ဟုလည်းသိရပြီး ယခုတိုက်ခိုက်မှုအတွက် မည်သူကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သလို ဘော်နိုပြည်နယ်ရဲတပ်ဖွဲ့ကလည်း ချက်ချင်းမှတ်ချက်မပေးနိုင်သေးပေ။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here