ဖားကန့် ကံဆီးတောင်ကျရေကြောင့် ဥရုချောင်း စိုးရိမ်ရေ မှတ်ကျော်လွန်နေသဖြင့် ဒေသခံများပြောင်းရွှေ့မှုများစတင်

0
39

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ ကံဆီးကျေးရွာ တောင်ကျရေ‌ကြောင့် ဥရုချောင်း စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနေသဖြင့်‌ ချောင်းတစ်လျှောက်အနိမ့်ပိုင်းရပ်ကွက်များ စတင်ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။

ကံဆီး‌ကျေးရွာတောင်ကျချောင်းရေကြောင့် ဥတုချောင်းမှာ စိုးရိမ်ရေမှတ်အထက် (၁၀)သို့ရောက်ရှိနေပြီဖြစ်ကာ ၊ယမန်‌နေ့ ဇွန်(၃၀)ရက် ညနေပိုင်းမှ စတင်ရွာသွန်းခဲ့သော မိုးမှာ လက်ရှိ ဇူလိုင်(၁)ရက် မွန်းလွဲပိုင်းအချိန်အထိ ရွာသွန်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကံဆီးတောင်ကျရေကြောင့် ဥရုချောင်း စိုးရိမ်ရေမှတ်ကို ရောက်နေပြီ။ မိုးသာ ဆက်ရွာရင် ဒီည မြေနိမ့်ပိုင်းတွေရေဝင်နိုင်တယ်။ အခုတော့ ဆိုင်းတောင် ရပ်ကွက်(၄)ပိုင်းကိုတော့ ရေစဝင်နေလို့ ပစ္စည်းတွေ အိမ်အပေါ်ထပ်ကို ရွှေ့နေရပြီ။ အခြားနေရာပြောင်းတာမျိုးမရှိသေးပေမယ့် ညကို တစ်ချက်စောင့်ကြည့်ရမယ့်အခြေအနေပါ”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအပါအဝင် ဥရုချောင်းတစ်လျှောက် မြေနိမ့်ရပ်ကွက်များအတွင်းနေထိုင်သူများ သတိပြုနေထိုင်ရန်၊ ပစ္စည်းဆုံးရှုံးမှုမရှိစေရန် အမြင့်ပေါ်သို့ ကြိုတင်ရွှေ့ပြောင်းပြင်ဆင်ထားနိုင်ရန်နှင့် နာတာရှည် ရောဂါသည်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာပါက ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ထားသည်။

ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများ ပြောင်းရွေ့နေရခြင်းများရှိကာ လူမှုကယ်ဆယ်ရေးအဖွဲ့များ အရေးပေါ် ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေကြရကြောင်း သိရသည်။

ဥရုချောင်းရေသည် မိုးရာသီသို့ရောက်ချိန်၌ နှစ်စဉ်ချောင်းရေမြင့်တက်လာမှုများရှိနေပြီး ယခင်နှစ်များက ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ ဆောင်ရွက်ပေးခဲ့ရသည့်အခြေအနေမျိုးများရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here