မြစ်ကြီးနားမြို့ရှိ ရေဘေးရှောင်စခန်းများမှ ပြည်သူများအား ပစ္စည်းများထောက်ပံ့
မြို့၏ စိုးရိမ်ရေမှတ်သို့ ယနေ့ ညဦးပိုင်းတွင် ရောက်ရှိနိုင်ခြေရှိ

0
47

မြန်မာပြည် မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ ဇူလိုင်(၁)ရက် မွန်းလွဲ (၁) နာရီခွဲတွင် စိုးရိမ်ရေမှတ်အောက် (၁၁၄၀) စင်တီမီတာအထိ မြင့်တက်လာနေပြီဖြစ်သည်။

ထိုသို့မြင့်တက်ခဲ့သဖြင့် မြို့မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ပြီး ပြည်သူများအား လတ်တလောရေဘေး ရှောင်စခန်း (၉) နေရာဖွင့်လှစ်၍ ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ဇူလိုင် (၁)ရက်၊ မွန်းလွဲ (၂) နာရီက ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ပေးခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ လူနေအိမ်များတွင် မြစ်ရေများဝင်ရောက်နေမှု အခြေအနေများနှင့် ရေဝင်သည့်အိမ်များမှ ပြည်သူများအား ပြည်ခိုင်ဖြိုးရုံး၌ ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်၍ နေထိုင်မှုအခြေအနေများကိုသွားရောက်တွေ့ဆုံကာ အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးရှောင်အိမ်ထောင်စု (၂၅)စု၊ လူဦးရေ (၁၀၇)ဦးတို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၁၂၁၈၀၀) တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး မိသားစုများ နေ့လည်စာ၊ ညစာထမင်းဘူးများ စီစဉ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရမ်ပူရပ်ကွက် နယ်မြေ (၁၁)အတွင်း ကြက်ပေါင်ခြံရပ်ကွက်မြေနိမ့်နေရာများမှ ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးဆောင်ရွက်၍ ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း၌ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိမှု၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဧရာဝတီမြစ်ရေအနေဖြင့် ယနေ့ ညပိုင်းတွင် ထပ်မံမြင့် တက်လာခြေရှိသည့်အတွက် ရေဘေးလွတ်ရာနေရာများတွင် ခေတ္တခိုလှုနေထိုင်နိုင်ရေး၊ ကလေးငယ်များ ကျောင်းတက်နိုင်ရေး၊ ကျန်းမာရေးအထူးဂရုပြု နေထိုင်ကြရေး ပြည်နယ်ဝန်ကြီးချုပ်ကအားပေးမှာကြားခဲ့ကြောင်း သိရသည်။

၎င်းရေဘေးရှောင်မိသားစု (၄၅)စု၊ လူဦးရေ (၂၀၀)ကျော်တို့အတွက် ခေါက်ဆွဲခြောက်ဖာများ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးများ၊ တစ်ပတ်စာ ဆန်ရိက္ခာဘိုးငွေအဖြစ် ထောက်ပံ့ငွေကျပ် (၅၂၅၀၀၀) နှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

အထက်ပိုင်းတွင် မိုးဆက်လက် ရွာသွန်းလျက်ရှိသဖြင့်ဧရာဝတီမြစ်ရေတက်နှုန်းသည် တစ်နာရီလျှင် (၁၆) စင်တီမီတာထိ မြင့်တက်ရာမြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် (၁၂၀၀)စင်တီ မီတာသို့ ယနေ့ ညဦးပိုင်းတွင် ရောက်ရှိနိုင်ခြေရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် ဘုရားဝင်းအတွင်းရှိ မြို့သစ်ကြီးရပ်ကွက်အတွင်း ရေဝင်ရောက်မှုကြောင့် ရေဘေးတိမ်းရှောင်လာသော မိသားစုများအား ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၊ ဇရပ်များတွင် နေရာချထားပေးသည့်နေရာသို့ သွားရောက်ပြီး မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ကူညီမှုများပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here