ဖားကန့် ကံဆီးကျေးရွာ ရွာလုံးကျွတ်နီးပါး ရေနစ်မြှပ် ၊ လုံးခင်းကျေးရွာ မြေနိမ့်ပိုင်းများ ရေစတင်ဝင်ရောက်

0
65

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ၊ ကံဆီးကျေးရွာတွင် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျ‌ရေကြောင့် ရွာလုံးကျွတ်နီးပါးရေနစ်မြှပ်နေကြောင်း ကံဆီးကျေးရွာဒေသခံများထံမှ သိရသည်။

ကံဆီးကျေးရွာ၏ စိုးရိမ်ရေမှတ်သည် (၉)ပေဝန်းကျင်ခန့်ရှိပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်အထက်(၈)ပေအထိမြင့်တက်လာသည်ဟု ဆိုသည်။

“ရွာထဲမှာက ရေမမြှပ်တဲ့ ကုန်းတစ်ခုပဲကျန်တယ်။ အဲဒါက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းပါ။ အခု ဘုရားကျောင်းထဲမှာ အားလုံးစုနေ နေရတယ်။ ကျွန်မတို့ ရေမှတ်တိုင်လည်း မျောသွားပြီ”ဟု ၎င်းက ပြောသည်။

ကံဆီးကျေးရွာ၏ အောက်ဘက်ရှိ လုံးခင်းကျေးရွာတွင်လည်း ‌ဥရုချောင်းရေ မြင့်တက်လာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ဖားကန့် ငှက်ပျောတောရပ်ကွက်တို့ ရေစတင်ဝင်ရောက်လာပြီဖြစ်ကြောင်း လုံးခင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကံဆီးဘက် ရေကျတာနဲ့ကျွန်တော်တို့ လုံးခင်းဘက် ရေမြှပ်ပြီ။ အခုတော့ ရွာထဲက သူတွေ အိမ်အပေါ်ထပ်တွေကို ပစ္စည်းတွေရွေ့နေပြီ။ လုံးခင်းအမှတ်(၁) ရပ်ကွက်က အမြင့်ဆုံးအပိုင်းတောင်ရေဝင်နေပြီ။အနိမ့်ပိုင်း ခါးလည်လောက်ရောက်နေပြီ”ဟု ဆိုသည်။

လက်ရှိတွင် ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့များ ရပ်ကွက်အလိုက်ထွက်ခွာ ကူညီနေပြီး၊ အနိမ့်‌ပိုင်းရပ်ကွက်အား ပြောင်းရွေ့ကူညီလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here