နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

0
50

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာ ညီလာခံနှင့် (၁၂)ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ် တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ဇွန် (၂၆) ရက်မှ ဇွန် (၂၈) ရက်အထိ ကျင်းပသည့် နိုင်ငံတကာညီလာခံ (International Conference) နှင့် (၁၂)ကြိမ်မြောက် နိုင်ငံတကာ ဥပဒေရေးရာဖိုရမ်(XII St. Petersburg International Legal Forum) သို့ တက်ရောက်ခဲ့ပြီး ဇွန်(၃၀)ရက် ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံတကာညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions – AACC) အဖွဲ့ဝင်နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ အခြားဖိတ်ကြားထားသော ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တက်ရောက်လာသူများမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းစနစ် ကျင့်သုံးမှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး အတွေ့အကြုံတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(၁၂)ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံပေါင်း(၃၀)မှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့်အတူ အဖွဲ့ဝင် ဦးခင်မောင်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here