ကျောက်မဲ – မန္တလေး ယာဉ်စီးခ ဈေးနှုန်း(၁၀)ဆခန့် မြင့်တက်လာကာ ဒေသတွင်း စစ်ရှောင်လိုသူပြည်သူများ အခက်ကြုံ တွေ့နေရဟု ဆို

0
78

တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ မန္တလေးမြို့သို့သွားသည့် ယာဉ်စီးခဈေးနှုန်း (၁၀)ဆ ခန့်မြင့်တက်လာသည့်အတွက် ဒေသတွင်းစစ်ရှောင်လိုသူပြည်သူများ အခက်ကြုံတွေ့နေရသည်ဟု ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခင်က ကျောက်မဲ-မန္တလေးသို့ ယာဉ်စီးခနှုန်း တစ်ဉီးလျှင်ကျပ်(၂၀၀၀၀)သောင်းမှ ကျပ်(၃၀၀၀၀)သောင်း ခန့်သာရှိရာမှ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန်(၂၅)ရက် နောက်ပိုင်းမှစ၍ ကျပ်(၃) သိန်းအထိ မြင့်တက်လာကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဒေသတွင်း စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာပြီး ဓာတ်ဆီ တစ်လီတာလျှင် ကျပ်တစ်သောင်းခန့်အထိပေးဝယ်နေကြရကာ မြို့တွင်း စက်သုံးဆီအရောင်းဆို င်(၃) ဆိုင်တွင် တစ်ရက်လျှင် လူရာနှင့်ချီ၍ တန်းစီဝယ်ယူနေရကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီဆိုတော့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အနည်းနဲ့ အများ ခံစားရတာပဲ။ မြို့ထဲကနေ စစ်ရှောင်ချင်တဲ့သူတွေက တစ်ရက်နဲ့ တစ်ရက် ပိုများလာတယ်။ နောက်ဆုံး မန္တလေးအထိ မရှောင်နိုင်တဲ့ သူတွေကတော့ နီးစပ်ရာ စစ်ရှောင်စခန်းတွေ ကျေးရွာတွေမှာ သွားရှောင်နေကြရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ကျောက်မဲ မြို့တွင် လက်ရှိ မြို့နေပြည်သူ (၆၀) ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး ကျန်(၄၀) ရာခိုင်နှုန်းမှာ နီးစပ်ရာကျေးရွာများနှင့် စစ်ရှောင်စခန်းများသို့ သွားရောက်ခိုလှုံနေခြင်းများရှိနေပြီဖြစ်သည်ဟု ဆိုသည်။

“ မနေ့ ညပိုင်းက လေကြောင်း ပစ်ခတ်တာတွေကြောင့် မြိုခံ လူထုက ကြောက်လန့်ကုန်လို့ ရှောင်လာကုန်ကြပြီ”ဟုပြောသည်။

ဇွန်(၃၀) ရက်နေ့ ညပိုင်းက လေကြောင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း ဝမ်းလပ်ဟိုတယ်နှင့် အနီးပတ်ဝန်းကျင်ရှိလူနေအိမ်များ ထိခိုက်ပျက်ဆီးမှုများကြောင့် မြို့ခံပြည်သူများ စိုးရိမ်မှုများပိုမိုမြင့်တက်ကာ စစ်ရှောင်လာနေကြခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများက မြို့ခံအချို့အား ဘေးလွတ်ရာစစ်ရှောင်စခန်းနှင့် သွားလိုသည့်နေရာများသို့ လိုက်လံကြိုပို့ ပေးနေစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here