ဗဟိုဘဏ်သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များဒဏ်ကြေးပေးဆောင်ရမည်

0
100

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက မှသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှု ပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း (၃) နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေးငွေ အပေါ်မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိသည်။

သို့ရာတွင် အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ် ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ် (၇)ခုအား စိစစ်တွေ့ရှိရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဘဏ်များမှာ ရိုးမဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းအားကျော်လွန် ထုတ်ချေးထားခြင်း၊မြန်မာနိုင်ငံသားများဘဏ်မှ ၈ ဒသမ ၉၄ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း၊   ဧရာဝတီဘဏ်မှ ၁ ဒသမ ၉၆ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း၊အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ ၁ ဒသမ ၀၁ ရာခိုင်နှုန်းကျော်လွန်ထုတ်ချေးထားခြင်း ၊UAB ဘဏ်မှ ၃ဒသမ ၃၈ ရာခိုင်နှုန်းကျော်လွန်ထုတ်ချေးထားခြင်း၊မြန်မာမက်ထရိုဘဏ်မှ သုည ဒသမ ၃၉ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားခြင်း နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)မှ ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းကျော်လွန် ထုတ်ချေးထားကြောင်း သိရသည်။

၎င်းဘဏ်များသည် CBM က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့် ပတ်သက်သည့် သတ်မှတ်ချက်အ တိုင်း သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ကိုထုတ်ပြန်ချက်အရ သိရသည်။

သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများအားလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူရာတွင်

(က) သတိပေးခြင်း၊

(ခ) ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊

(ဂ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင်ဖြစ် သည့် အမိန့်များချမှတ်ခြင်း၊

(ဃ) ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း။

စသည်တို့ချမှတ်နိုင်ကြောင်းဥပဒေတွင်ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here