Air Europa လေယာဉ်တစ်စင်း ပြင်းထန်လေထု မငြိမ်သက်မှုနဲ့ကြုံတွေ့ခဲ့တာကြောင့် ဘရာဇီးမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်များစွာ ဒဏ်ရာရ

0
76

စပိန်နိုင်ငံ မက်ဒရစ်မြို့ကနေ ဥရုဂွေးနိုင်ငံကို ပျံသန်းလာတဲ့ စပိန်လေကြောင်းလိုင်း Air Europa လေယာဉ်တစ်စင်းဟာ ပြင်းထန်တဲ့ လေထုမငြိမ်သက်မှုနဲ့ ကြုံခဲ့တာကြောင့် ခရီးသည် ၃၀ ဦး ဒဏ်ရာရခဲ့တယ်လို့ လေကြောင်းလိုင်းက တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

“Montevideo (ဥရုဂွေးမြို့တော်) ကို ပျံသန်းနေတဲ့ မိမိတို့ လေယာဉ်ခရီးစဉ် UX045 ဟာ ပြင်းထန်လေထုမငြိမ်သက်မှုနဲ့ ကြုံခဲ့တာကြောင့် နာတဲလ်လေဆိပ် (ဘရာဇီး) ကို လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပါတယ်” လို့ Air Europa က X မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။

လေယာဉ်ဟာ ပုံမှန်အတိုင်းချောချောမွေ့မွေ့ဆင်းသက်နိုင်ခဲ့ကြောင်းနဲ့ ပုံစံမျိုးစုံနဲ့ ဒဏ်ရာရခဲ့သူတွေကို ကုသမှုပေးနေပြီဖြစ်ကြောင်းလည်း လေကြောင်းလိုင်းက ဆိုခဲ့ပါတယ်။

လေကြောင်းခြေရာခံ ဝက်ဘ်ဆိုက်ရဲက ဖော်ပြချက်အရ လေထုမငြိမ်သက်မှု ကြုံခဲ့တဲ့ လေယာဉ်ဟာ ဘိုးရင်း 787-9 Dreamliner အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၃၃၉ ဦး လိုက်ပါသွားခဲ့တယ်လို့ Air Europa ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ လှုပ်ခါသွားပြီး လက်ရှိအမြင့်မှ ပြုတ်ကျသွားခဲ့ကြောင်း၊ ထိုင်ခုံ ခါးပတ် ပတ်မထားသူတွေ လေပေါ်မြောက်တက်သွားကာ မျက်နှာကျက်နဲ့ တိုက်မိကုန်ပြီး ဒဏ်ရာရခဲ့ကြကြောင်းနဲ့ ခါးပတ် ပတ်ထားသူတွေကတော့ ကြီးကြီးမားမားဖြစ်တာမျိုး မရှိခဲ့ကြောင်း ခရီးသည်တစ်ဦးက ရိုက်တာကို ပြောဆိုသွားပါတယ်။

တနင်္လာနေ့အနှောင်းပိုင်းမှာ အခြားလေယာဉ်တစ်စင်းကို စေလွှတ်ပြီး ဘရာဇီးမှာ သောင်တင်နေတဲ့ ခရီးသည်တွေကို ခေါ်ဆောင်ကာ ဥရုဂွေးကို ဆက်လက်ပျံသန်းပေးသွားမှာဖြစ်တယ်လို့ စပိန်လေကြောင်းလိုင်းက ပြောဆိုခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here