ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားတွင် အိမ်ထောင်စု ၂၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ရ

0
63

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂၀၀၀ ဝန်းကျင် ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်နေရကြောင်း ကချင်ပြည်နယ် အစိုးရထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကြီးနားမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်နစ်မြုပ်လျက်ရှိသည့်အတွက် ကူညီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခုလည်း ဖွင့်ထားရကြောင်း သိရသည်။

“မြစ်ကြီးနား တစ်မြို့လုံးနီးပါး ရေကြီးနေပြီး မီးမလာပါဘူး။ တချို့နေရာတွေမှာ လူကြီးတွေနဲ့ ကလေးတွေလည်း ပိတ်မိနေတယ်လို့ ကြားတယ်။တတ်နိုင်သလောက်ကူညီနေကြပေမယ့် လိုအပ်ချက်ကများလို့ အကူအညီများများလိုနေပါတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်း စုစုပေါင်း (၃၀) ကျော်သို့ ယာယီရွှေ့ပြောင်းပေးထားရကြောင်းလည်း သိရသည်။

ထိုနည်းတူ ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက်ရွာများဖြစ်သည့် မိုင်းနား၊ နောင်ချိန်း၊အင်ဂန်း၊နောင်တာလော စစ်ဘေးရှောင်စခန်းများ၌လည်း ရေဝင်ရောက်နေကာ စစ်ဘေးရှောင်မှရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် ပြည်သူများလည်း အရေးပေါ်ကူညီ များစွာလိုအပ်လျက်ရှိသည်ဟု သိရသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ သတိပေးချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁ ၂၀၀ စင်တီမီတာအထက်တွင် ရောက်ရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ချေရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here