မြစ်ကြီးနား လေယာဉ်ခရီးစဉ်များ ယာယီဖျက်သိမ်း

0
53

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ပြေးလမ်းအတွင်း ရေများဝင်ရောက်နေခြင်းကြောင့် ရန်ကုန် – မန္တလေး – မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို ယာယီရပ်နားထားကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနများမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် လေယာဉ်ပြေးလမ်းတွင် ရေဝင်ရောက်နေသလို ရာသီဥတု ဆိုးရွားနေခြင်းကြောင့် ယနေ့ဇူလိုင်လ (၂)ရက်တွင် ခရီးစဉ်များ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ခရီးစဉ်များ ပြန်လည်စတင်မည်ကို မသိရှိကြောင်း သိရသည်။

” ဒီနေ့ထိတော့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားတယ်။ မြစ်ကြီးနား- မန္တလေးနဲ့ မြစ်ကြီးနား- ရန်ကုန် ခရီးစဉ်တွေပေါ့။ ရာသီဥတု အခြေအနေက ဘာမှန်းမသိရသေးတော့ ခန့်မှန်းလို့မရသေးဘူး”ဟု လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေ နီးပါးမြင့်တက်လာပြီးနောက် မြစ်ကြီးနား၊ ပူတာအို၊ ဝိုင်းမော်နှင့် ချီဖွေမြို့တို့တွင် ရေကြီးမှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် (၇)နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် (၄) ပေခွဲခန့် (၁၃၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပြီး လာမည့် (၂) ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အလားတူ ချင်းတွင်းမြစ်ရေသည် ယနေ့နံနက် (၈) နာရီခွဲတိုင်းထွာချက်အရ ဟုမ္မလင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် (၁၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး လာမည့် (၁) ရက်အတွင်း (၄) ပေခန့် မြင့်တက်လာနိုင်သောကြောင့် မြစ်ကြီးနားမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် အကြံပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here