မဲစာရင်း မှန်ကန်ရေး လုပ်ဆောင်နေကြောင်း UEC ဥက္ကဋ္ဌ ပြော

0
51

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်း မှန်ကန်ရေးအတွက် တစ်ခုတည်းသော ရည်ရွယ်ချက်အဖြစ် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

ယမန်နေ့ ဇူလိုင်လ (၁)ရက်က နေပြည်တော် တည်းခိုရေးစခန်း(ရွာတော်)ရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်) တွင် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ကော်မရှင်ဥက္ကဋ္ဌက မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်သည် မဲစာရင်းမှန်ကန်ရေးဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေးသည် လူဦးရေစာရင်းမှန်ကန် ပြည့်စုံမှုအပေါ်တွင် မူတည်နေကာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သည် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး လူဦးရေစာရင်းများကို စိစစ်ပေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဗဟိုကော်မတီမှ အသက် (၁၈) နှစ် ပြည့်ပြီးသည့် လူဦးရေစာရင်းများကို ကော်မရှင်သို့ ပေးပို့လျက်ရှိပြီး လူဦးရေစာရင်း (ပထမမူကြမ်း)နှင့် (ဒုတိယမူကြမ်း) တို့ကို လက်ခံရရှိပြီးဖြစ်ကာ တတိယမူကြမ်းကို ထပ်မံပေးပို့လာပြီဖြစ်သည့်အတွက် စာရင်းထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင် ဝန်ထမ်းများအနေဖြင့် နည်းအသစ်နှစ်ခုလုပ်ရန်ရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ကျင့်သုံးနေကျဖြစ်သည့် FPTP စနစ်အပြင် PR စနစ်ကိုပါ အသုံးပြုသွားမည်ဖြစ်၍ မဲလက်မှတ် (Ballot) ဖြင့် မဲထည့်ခြင်းအပြင် အချို့မဲဆန္ဒနယ်များတွင် EVM ဟု ခေါ်သည့် အီလက်ထရောနစ် မဲပေးစက်ဖြင့်လည်း မဲပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ ပဉ္စမမြောက်လုပ်ငန်းဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားချက်များမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here