မြန်မာနှင့် ဘရာဇီးအကြား စီးပွားရေး၊ စိုက်ပျိုးရေးနှင့် ဆေးသုတေသနဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

0
41

ဘရာဇီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဆောင်ပါလိုမြို့သို့ (၃) ရက်ကြာ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနှင့် ဘရာဇီးအကြား စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆေးသုတေသနဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဇွန် (၂၆)ရက်မှ ဇွန် (၂၈) ရက်အထိ ဘရားဇီးနိုင်ငံ၊ ဆောင်ပါလိုမြို့သို့ (၃) ရက်ကြာ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဇွန် (၂၆)ရက်က ဆောင်ပါလိုမြို့ရှိ ဆောင်ပါလို ကုန်သည်ကြီးများအသင်း (ACSP) အဆောက်အဦ ၌ ACSP ဥက္ကဋ္ဌ Mr. Roberto Mateus Ordine နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့ စီးပွားရေးလုပ်ငန်းရှင်များအကြား စီးပွားရေးနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ B2B ပုံစံဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဘရာဇီးလ်နိုင်ငံ၊ ဆောင်ပါလို ကုန်သည်ကြီးများအသင်း (ACSP) တို့အကြား လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် နားလည်မှုစာချွန်လွှာပါ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသို့ ဆောင်ပါလိုမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Ricardo Cateb Cury လည်း ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် ဇွန် (၂၇)ရက်တွင် သံအမတ်ကြီးအနေဖြင့် ဘရာဇီးလ် စိုက်ပျိုးရေးဆိုင်ရာ အထင်ကရ အကြံပေးအဖွဲ့အစည်း (DATAGRO) ၏ ဖိတ်ကြားချက်အရ Global Agribusiness Forum နှင့် Global Agribusiness Festival တို့သို့ ဘရာဇီးလျားမြို့အခြေစိုက် ဥရုဂွေး၊ ကင်ညာ၊ ဆူရီနမ်၊ ဘော့ဆွာနာ သံအမတ်ကြီးများနှင့်အတူ အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်ခဲ့သည်။

၎င်းဖိုရမ်တွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဥပဒေများ၊ နည်းပညာများနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေများနှင့် စပ်လျဉ်းပြီး တက်ရောက်လာသည့် သက်ဆိုင်ရာ အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများနှင့် တတ်သိကျွမ်းကျင်ပညာရှင်များမှ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ဇွန်(၂၈)ရက်တွင် ကိုယ်ခံအားမြှင့် ဇီဝကမ္မဆေးဝါးများ ထုတ်လုပ်မှု၌ အထင်ကရ ဆေးသုတေသနဌာန တစ်ခုဖြစ်သည့် Butantan Institute သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာ၌ အသုံးပြုသော နည်းပညာများ မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်အရ မြန်မာဘက်မှ ကျွမ်းကျင် ပညာရှင်များ Butantan Institute သို့ များမကြာမီ လာရောက်မည့်ကိစ္စကိုလည်း ဆွေးနွေးခဲ့သည်။ 
ထို့ပြင် လက်ရှိ မြွေဆိပ်ဖြေဆေးနှင့် စပ်လျဉ်းသည့် နောက်ထပ်ပူးပေါင်း ဆောင်ရွက်မှုအပြင် အခြားဆေးသုတေသနနယ်ပယ်များ၌ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here