ဧရာဝတီ မြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် အထက်သို့ ရောက်ရှိနိုင်သဖြင့်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားဖို့လို

0
42

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေမှတ်အထက် သို့ ရောက်ရှိနိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်ကမ်းနံဘေးရှိ ပြည်သူများ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း ရွှေကူမြို့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

မြန်မာပြည် မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသောကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံ အသိပေးနှိုးဆော်နေခြင်းဖြစ်သည်။

အဆိုပါ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဇူလိုင်(၁)ရက် နံနက်(၁၀)နာရီခန့်မှ စတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ခံ ဦးတိုးတိုးထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် (၈၃၈)စင်တီမီတာသို့ ရောက်ရှိနေပြီး ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာ ဖြစ်သောကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေကျော်ခန့်သာ လိုတော့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် အထက် သို့ရောက်ရှိနိုင်သည့်အတွက် အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်ကမ်းနံဘေးတွင် နေထိုင်ကြသူ ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များအား ရေဘေးလွတ်ရာနေရာသို ပြောင်းရွှေ့ထားကြရန်နှင့် ရေဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here