ငါးသားပေါက်ရာသီအဖြစ် ငါးဖမ်းခွင့် (၃)လတာရပ်နားပြီးနောက် ယခုလမှစ၍ ငါးဖမ်းဆီးခွင့် ပြန်လည်ရရှိ

0
79

ငါးသားပေါက်ရာသီအဖြစ်သတ်မှတ်ကာ ငါးဖမ်းခွင့် သုံးလတာရပ်နားပြီးနောက် ၂၀၂၄ -၂၀၂၅ ပင်လယ်ပြင် ငါးဖမ်းရာသီအတွက် ယခုဇူလိုင်လမှစတင်ကာ ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုပေးထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် ငါးသားပေါက်ရာသီကို ဧပြီ၊ မေ နှင့် ဇွန်လအထိ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ဇူလိုင်လမှ စတင်ကာ ငါးဖမ်းရာသီအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ငါးမဖမ်းရရာသီအတွင်း ငါးဖမ်းစက်လှေများသည် သက်ဆိုင်ရာ ဆိပ်ကမ်းများတွင်သာ ရပ်နားထားရပြီး သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းမှလည်း စဉ်ဆက်မပြတ်စောင့်ကြပ်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season အား ငါးဖမ်းလှေ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး (၂)လမှ (၃)လအထိ ပိတ်သိမ်းခဲ့ပြီး ငါးသားပေါက် ရာသီ (သို့မဟုတ်) ငါးမဖမ်းရကာလအား ဧပြီ၊ မေ၊ ဇွန်လများအဖြစ်သတ်မှတ်ထားပြီး တစ်နှစ်လျှင် ရှေ့တစ်လစီတိုးကာ သတ်မှတ်သွားမည့်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအား ငါးမဖမ်းရ ကာလနှင့် ငါးမဖမ်းရ ဧရိယာသတ်မှတ်ခြင်းကို မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေပုဒ်မ ၂၂၊ ပုဒ် မခွဲ (ခ) နှင့် ပုဒ်မ ၂၃ အရ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ (၃) ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာ့ပင်လယ်ရေပြင်၏ ငါးသယံဇာတ တည်ရှိမှုကို နော်ဝေနိုင်ငံ Dr.Fridtjof Nansen သုတေသနရေယာဉ်ဖြင့် သုတေသနပြုလုပ်ခဲ့ပြီး သုတေသနတွေ့ရှိချက်အရ ၁၉၇၉- ၈၀ ခုနှစ်နှင့် နှိင်းယှဉ်ပါက ရေတိမ်ငါးများတွင် ၈၀ ရာခိုင်နှုန်းနှင့် ရေနက်တွင်ကျက်စားသည့် ငါးများတွင် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့တွေ့ရှိခဲ့သည့်အတွက် လျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်တိုးပွားလာရေး ငါးလုပ်ငန်းဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ငါးမဖမ်းရ ရာသီများပြင်ဆင်သတ်မှတ်ခြင်း၊ Vessel Monitoring System ဖြင့် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ငါးလုပ်ငန်းအဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တနင်္သာရီ ငါးဖမ်းရေပြင်အတွင်း လန်ပိကျွန်းအောက်ဘက်ရှိ ငါးဖမ်းကွက် (၆)ကွက်ကို Fish Conservation Zone သတ်မှတ်၍ ငါးဖမ်းဆီးမှု ပိတ်ပင်ခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here