ဗန်းမော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ရွှေကူမြို့၊ ဘောဂဗလရပ်အတွင်း နေအိမ်များသို့ ရေဝင်ရောက်နစ်မြုပ်

0
66

ဧရာဝတီမြစ်ရေ မြစ်တက်နေမှုကြောင့် ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက် (ဘောဂဗလရပ်)အတွင်းရှိ နေအိမ်များသို့ ရေဝင်ရောက်နေသည့်အတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဒေသခံများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် (၂)ရက် နံနက် (၆)နာရီအချိန်ခန့်က စတင်ကာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုကို ဗန်းမော်ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ဇူလိုင် (၂) ရက်၊ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဗန်းမော်မြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇူလိုင် (၂) ရက်၊ ညနေ (၃)နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၃၂)စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀) စင်တီမီတာဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင် (၂)ရက်၊ နံနက် (၉)နာရီ အချိန်ခန့်ကလည်း ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်(ဘောဂဗလရပ်)အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်လာ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ဒေသခံများကို ရေဘေးလွတ်ရာ သူဌေးတောရ ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် အထက်သို့ရောက်ရှိနိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်ကမ်းနံဘေးရှိ ပြည်သူများ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇူလိုင် (၁)ရက်မှ စတင်၍ လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း ရွှေကူမြို့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

မြန်မာပြည် မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသောကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here