မြိတ်မြို့ ဒေသခံများအား ဆန်လက္ကားအရောင်းဆိုင် (၃၀) ကျော်တွင် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး

0
135

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆန်လက္ကား အရောင်းဆိုင် (၃၂)ဆိုင်၌ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိကြောင်း မြိတ်ဆန်ကုန်သည်အသင်း တာဝန်ရှိသူထံမှ သိရသည်။

မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိတ်ဆန်ကုန်သည်အသင်းတို့၏ စီမံမှုဖြင့် မြိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဇူလိုင် (၁) ရက် နံနက်ပိုင်းမှစတင်ကာ သက်သာ သော ဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေခြင်းဖြစ်သည်။

မြိတ်မြို့မှ ကျွဲကူး၊ ကျောက်ဖျာကျေးရွာအထိ ဆန်လက္ကား ဆန်ဆိုင်အားလုံးပေါင်း (၃၂)ဆိုင်တွင် မြိတ်ဆန်ကုန်သည် အသင်း၏ အစီစဉ်ဖြင့် တစ်ပတ်လျှင် (၅)ရက်တိုင်တိုင် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ယခုရောင်းချပေးနေသည့် (ဧည့်မထ) ဇီယာဆန် တစ်ပြည်ကို (၃၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ရာ ပြင်ပတွင် လက်လီ တစ်ပြည် (၄၀၀၀) ကျပ်ဖြင့် ရောင်းချနေသည့် ဆန်ကို ဆန်လက္ကားရောင်းသည့် ဆန်ဆိုင်အားလုံး၌ ပြည်ချင်ဖြင့် ရောင်းချပေးနေကြောင်း မြိတ်ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူက ဆိုသည်။

မြိတ်မြို့ ဒေသခံများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခြင်းကို တစ်ပတ်လျှင် (၅) ရက်တိုင်တိုင် နံနက် (၇) နာရီမှ နံနက် (၁၀) နာရီ အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး ခန့်မှန်း (၃) လအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်စပါး မဖူလုံသည့်အတွက် လစဉ် အခြားတိုင်းဒေသကြီးများမှ တင်သွင်းနေရကြောင်းနှင့် တိုင်းအတွင်း ဆန်စပါးအထွက်နှုန်းတိုးရန် ကြိုးစားနေရပြီး လက်ရှိ မြိတ်မြို့အတွက် လစဉ် ဆန်အိတ် (၆)သောင်းမှ (၈)သောင်းအထိ တင်သွင်းနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here