ရိုမေးနီးယားကို ဂိုးပြတ်သွင်းတဲ့ နယ်သာလန်၊ ၂၀၀၈ နောက်ပိုင်း ကွာတားကို ပထမဆုံးပြန်တက်လာတဲ့ တူကီယေး

0
83

ဂျာမနီမှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားတဲ့ ယူရို ၁၆ သင်းအဆင့် နောက်ဆုံးလက်ကျန် ရှုံးထွက်ပွဲတွေမှာတော့ နယ်သာလန်အသင်းက ရိုမေးနီးယားကို ဂိုးပြတ်သွင်းပြီး ကွာတားတက်ခဲ့သလို တူကီယေးကလည်း သြစတြီးယားနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကာ ၂၀၀၈ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ထိပ်တန်းကစားသမားတွေရှိနေတဲ့ နယ်သာလန်အနေနဲ့ ရိုမေးနီးယားကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာ တိုက်စစ်မှူး ဂတ်ပိုက အပြင်းကန်ချက်နဲ့ နယ်သာလန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ရိုးမေးနီးယားတို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် နယ်သာလန် အလယ်တန်းနဲ့ နောက်တန်းအမှားအယွင်းမရှိ ထိန်းချုပ် ကစားနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ နယ်သာလန်က ၁-၀ နဲ့ ဦးဆောင်ထားခဲ့ပါတယ်။

ဒုတိယပိုင်း ၈၃ မိနစ်နဲ့ ပွဲပြီးခါနီး ၉၃ မိနစ်တို့မှာ နယ်သာလန် တောင်ပံကစားသမား မယ်လန်က နှစ်ဂိုးထပ်သွင်းခဲ့လို့ နယ်သာလန်တို့ ၃-၀ နဲ့ အနိုင်ရကာ ကွာတားကို တက်ရောက်သွားခဲ့ပါတယ်။

တစ်ဖက်က သြစတြီးယားနဲ့ တူကီယေးတို့ ပွဲမှာတော့ ပထမပိုင်း ၁ မိနစ်မှာတင် တူကီယေးက ဦးဆောင်ဂိုးစသွင်းခဲ့လို့ သြစတြီးယားတို့ နောက်ကလိုက်ရုန်းခဲ့ရပြီး ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ဒီဂိုးကို ထောင့်ကန်ဘောကတဆင့် တူကီယေးနောက်ခံလူ ဒီမီရယ်က ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရတာကြောင့် သြစတြီးယားတို့က တိုက်စစ်မြှင့် ဖိကစားပြီး ချေပဂိုးရဖို့ကြိုးပမ်းခဲ့ပါတယ်။ တူကီယေးကလည်း ခံစစ်ပိတ်ကစားလာခဲ့သလို ဂိုးသမားရဲ့ ကာကွယ်မှုတွေကြောင့် သြစတြီးယားတို့ ထင်တိုင်းမပေါက်ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ နောက်ခံလူ ဒီမီရယ်ကပဲ ထောင့်ကန်ဘောကို ခေါင်းတိုက်အဆုံးသတ်ပြီး တူကီယေးအတွက် နောက်ထပ် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ သြစတြီးယားတို့ ချေပဂိုးရခဲ့ပြီး ဂရီဂိုရစ်ရှ်က ထောင့်ကန်ဘောကနေတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယင်းနောက်ပိုင်းမှာ သြစတြီးယားတို့ ဆက်တိုက် ဖိကစားခဲ့ပြီး ချေပဂိုးရဖို့ကြိုးစားလာခဲ့လို့ အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သလို တူကီယေးဘက်ကလည်း တိုက်ပြန်တိုက်စစ်ကတဆင့် ဂိုးရနိုင်တဲ့အနေအထားဖြစ်ခဲ့ပေမယ့် သြစတြီးဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ပွဲက ၂-၁ ရလဒ်နဲ့ ပြီးဆုံးခဲ့ကာ တူကီယေးတို့ ကွာတားအဆင့် တက်လှမ်းနိုင်ခဲ့ကြပါတယ်။

ကွာတာဖိုင်နယ်မှာတော့ တူကီယေးနဲ့ နယ်သာလန်တို့ တွေ့ဆုံကြမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here