ကျန်းမာရေး ရန်ပုံငွေများ မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS တို့ တွေ့ဆုံ ဆွေးနွေး

0
80

ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့မှ စီမံခန့်ခွဲမှုဆောင်ရွက်နေသည့် Global Fund အဖွဲ့၏ ရန်ပုံငွေအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ ရန်ပုံငွေများ မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေးတို့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) မှ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့် အဖွဲ့ဝင်(၂)ဦးကို ဇူလိုင်(၂)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့မှ စီမံခန့်ခွဲမှုဆောင်ရွက်နေသည့် Global Fund ရန်ပုံငွေအဖွဲ့၏ တီဘီ၊ HIV နှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များဆွေးနွေးခဲ့သည်။

ထို့ပြင် ရန်ပုံငွေအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ ရန်ပုံငွေများအား မသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေသူများထံ မရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here