ယူကရိန်းအတွက် ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ပံ့ပိုးမယ့် အစီအစဉ်ကို ကြေညာရန် အမေရိကန်စီစဉ်နေ

0
65

ယူကရိန်းသို့ နောက်ထပ် ဒေါ်လာ ၂.၃ ဘီလီယံတန်ဖိုးရှိ လက်နက်များ ပံ့ပိုးပေးမည့် အစီအစဉ်ကို ကြေညာရန် အမေရိကန်က စီစဉ်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်၏ ပြောစကားကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြထားသည်။

အဆိုပါ လက်နက်များပံ့ပိုးမှုတွင် တင့်ကားဖျက်လက်နက်များအပြင် လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ကြားဖြတ်ဒုံးကျည်များလည်း ပါဝင်မည်ဖြစ်ကြောင်း နှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတင်အူမာရော့ဗ်နှင့် အင်္ဂါနေ့က တွေ့ဆုံမှုတွင် အော်စတင်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး၊ ယူကရိန်းစွမ်းအင်ဝန်ကြီး နှင့် သမ္မတရုံးအကြီးအကဲ တို့သည် လက်ရှိတွင် ဝါရှင်တန်သို့ အလည်အပတ် ရောက်ရှိလျက်ရှိသည်။ ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ဝါရှင်တန်တွင် ပြုလုပ်မည့် မဟာမိတ်ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နှင့် နေတိုးတို့က ကမ်းလှမ်းနိုင်သည့် လုံခြုံရေးအာမခံချက်များကို အမေရိကန်အစိုးရအရာရှိများနှင့် ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း Politico သတင်းစာမှ သတင်းထောက် ပေါလ်မက်လီယာရီက သူ၏ X စာမျက်နှာတွင် မှတ်ချက်ရေးထားသည်။

ယူကရိန်းသို့ လက်နက်သစ်များ ထောက်ပံ့ပေးခြင်းသည် စစ်မြေပြင်အခြေအနေအား ပြောင်းလဲစေမည်မဟုတ်ဘဲ ပဋိပက္ခကို ရှည်ကြာစေမည်သာ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် ပြောကြားခဲ့ဖူးသည်။ ယူကရိန်းအတွက် လက်နက်များပါဝင်သည့် မည်သည့် တင်ပို့မှုသည်မဆိုသည် ရုရှားအတွက် တရားဝင်ပစ်မှတ်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here