ရှမ်းမြောက် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် လားရှိုး – သီပေါ လမ်းပိုင်းရှိ တံတား(၅)စင်း ပျက်ဆီးရပြန်

0
94

ရှမ်းမြောက် တစ်ကျော့ပြန် တိုက်ပွဲများကြောင့် လားရှိုး – သီပေါ ပြည်‌ထောင်စုလမ်းပိုင်းရှိ တံတား(၅)စင်း ထပ်မံပျက်ဆီးခဲ့ရကြောင်း သီပေါဒေသခံတစ်ဦးက ပေါပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ပျက်ဆီးခဲ့ရသည့် တံတား(၅) စင်းမှာ မန်စံရေကျတံတား၊ ခိုလိတ်ရထားလမ်းတံတား၊ ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတား ၊ မန်စံရေကျ တံတားတို့ဖြစ် ကြောင်း သိရသည်။

အဆိုပါ တံတားများသည် လားရှိုး – သီပေါ သွားလမ်းပိုင်းပေါ်ရှိ အဓိက အားထားရသော တံတားများဖြစ်ပြီး ဒေသတွင်းချိတ်ဆက် အဓိက ကျသည့်တံတားများလည်း‌ဖြစ်ကြောင်း သိရသည်။

” အခုက သီပေါကနေလားရှိုး လူနာပို့တဲ့လမ်းကြောင်းမျိုးတွေတောင် တော်တော်ခက်ခက်ခဲသွားရတယ်။ တိုက်ပွဲက အခု လားရှိုးမှာပါ ဖြစ်နေတော့ သီပေါ – လားရှိုးသွားဖို့က တော်တော်စဉ်းစားနေရတယ် “ဟု ၎င်းက ပြောသည်။

ဆွန်လန်းတံတားမှာ လားရှိုး – သီပေါဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်က တံတားငယ်တစ်စင်းဖြစ်သည့်အတွက် ခရီးသွားယာဉ်များ သွားလာမရဘဲ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

မန်စံရေကျတံတားနှင့် ခိုလိတ် ရထားလမ်းတံတားမှာ ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့် ကျေးရွာများမှ‌ ဒေသခံများအသုံးပြုသည့် တံတားဖြစ်ပြီး ယခုအခါ ဒေသတွင်းသွားလာသည့် ခရီးသွားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများရပ်တန့်ခဲ့ရကြောင်း သိရသည်။

ယနေ့ ဇူလိုင်(၃)နံနက်ပိုင်းအချိန်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ရွာနှင့် နောင်မွန်ရွာဘက်တွင် ပစ်ခတ်သံများကြားနေရပြီး ခရီးသွားလာခြင်းများ သတိပြုသွားလာရန် နောက်ထပ်ဒေသခံတစ်ဦးက အသိပေးထားသည်။

“လားရှိုးမြို့နယ်ထဲက နမ့်ပေါင်ရွာနဲ့ နောင်မွန်ရွာတွေက မန္တလေး- လားရှိုးသွားတဲ့ လမ်းအတွက် အရေးပါတဲ့လမ်းပိုင်းတွေပါ။ သတိထားသွားလာကြပါ”ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပထမဆုံးဖြစ်ပွားခဲ့သည် (၁၀၂၇)တိုက်ပွဲအတွင်း၌လည်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ ပျက်ဆီးခဲ့ရ‌သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here