အိန္ဒိယဘာသာရေးပွဲတစ်ခုမှာ လူအုပ်တက်နင်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၁၆ ဦးအထိရှိ

0
79

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဟိန္ဒူဘာသာရေးပွဲတစ်ခုမှာ လူအုပ်ထိတ်လန့်တကြား ပြေးလွှားတက်နင်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ကာ တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

မြို့တော်နယူးဒေလီ အရှေ့တောင်ဘက် ၁၂၅ မိုင်အကွာ ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဟာသရက်စ်ခရိုင်ရှိ ကျေးရွာတစ်ရွာမှာ အင်္ဂါနေ့က ကြီးမားတဲ့ ဘာသာရေးစုဝေးပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ တရားဟောဆရာတစ်ဦးက တရားဒေသနာဟောကြားနေစဉ် ပြင်းထန်တဲ့ သဲမုန်တိုင်းတိုက်ခတ်လာမှုကြောင့် လူတွေ ယင်းနေရာက ထွက်ခွာကြရာမှ အစပြုလို့ သူ့ထက်ငါ အလုအယက်တိုးဝှေ့ကြရင်း အချင်းချင်း တက်နင်း၊ လူပိမှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ လူအများအပြား တက်နင်းမိခဲ့ကြသလို တစ်ဦးအပေါ်တစ်ဦး ပြိုလဲခဲ့ကြကြောင်းနဲ့ အချို့မှာ လမ်းဘေးမြောင်းထဲကို လဲကျကုန်ခဲ့ပြီး ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွင်း လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ ဥတ္တာ ပရာဒေ့ရှ်ပြည်နယ် ရဲတပ်ဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ပရာရှန့် ကူးမားက ပြောဆိုပါတယ်။ အကြီးတန်းရဲအရာရှိ ရှာလက်မာသူရာကလည်း လူ ၁၁၆ ဦး သေဆုံးခဲ့မှုကို အတည်ပြုခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ Agence France-Press သတင်းဋ္ဌာနကို ပြောဆိုသွားပါတယ်။

အဆမတန် လူစုလူဝေးဖြစ်ခဲ့မှုက ကြေကွဲဖွယ်ဖြစ်ရပ်ရဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့ ရဲအရာရှိ ရာဂျက်ရှ်ဆင်းက ပြောဆိုပါတယ်။ ကနဦး သတင်းတွေအရ ယင်း ဘာသာရေးစုရုံးပွဲအတွက် လူဦးရေ ၅၀၀၀ ခန့်နဲ့သာပြုလုပ်ဖို့ ခွင့်ပြုခဲ့ပေမယ့် တက်ရောက်သူ ၁၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here