ပင်လုံမြို့တွင် MARK II ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၂၆၉၅) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

0
72

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် အမျိုးသားတစ်ဦးမှ MARK II ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် (၂၆၉၅) သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပေါင်းလိုင်းရွာ အနီးတွင် ဇွန် (၃၀) ရက်၊ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သန်းထွေး မောင်းနှင်လာသည့် MA RK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၄၅ ကီလို ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၂၆၉၅) သိန်းနှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သန်းထွေး (၃၁)နှစ်အား ပင်လုံနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here