ရန်ကုန် – လားရှိုး ခရီးသည်တင် ယာဉ်လိုင်းအချို့ ယာယီ ရပ်နား

0
74

ဇူလိုင်(၃)ရက် နံနက်ပိုင်းက စတင်ကာ လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက်ကြောင့် ရန်ကုန် – လားရှိုး ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာယီရပ်နားထားကြောင်း သိရသည်။

ရန်ကုန် – လားရှိုးတိုက်ရိုက် ပြေးဆွဲနေသည့် မန်းရွှေပြည် ယာဉ်လိုင်းမှာလည်း ဇူလိုင်(၂)ရက်မှစတင်၍ ရက်အကန့် အသတ်မရှိ ရက်နားထားပြီး၊ ပြန်လည်ပြေးဆွဲမည့် ရက်အား အသိပေးပြောကြားသွားမည်ဟု လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

” ရန်ကုန် – လားရှိုးခရီးစဉ်တွေ မထွက်သလို့ တစ်ဘက်ကလာမယ့် ယာဉ်တွေလည်းမရှိပါဘူး။ ဘယ်နေ့ဘယ်ရက်ဖွင့်မယ်ဆိုတာကိုတော့ နီးစပ်ရာကားလက်မှတ်အရောင်းဌာနတွေကို စုံစမ်းရင် ရပါတယ်။ မထွက်တာက တိုက်ပွဲကြောင့်ပေါ့။ ဒါကလည်း ရန်ကုန် – လားရှိုး ခရီးစဉ်ထွက်တဲ့ ယာဉ်လိုင်းတိုင်းပါ”ဟု ယာဉ် မောင်းတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရန်ကုန်-လားရှိုး ခရီးသည်ယာဉ်လိုင်းအချို့ရပ် နားထားသလို ရန်ကုန်-လားရှိုး လေယာဥ်ခရီးစဥ်တစ်ခုဖြစ်သည့် Myanmar Airways International Mingalar Air line မှာလည်း ဇူလိုင် (၃)ရက်မှစတင်ကာ ခရီးစဉ်များကို ယာယီဖျက်သိမ်းရွှေ့ဆိုင်းခဲ့ကြောင်း လေယာဥ်လက်မှတ် အရောင်းဌာနများက ထုတ်ပြန်ထားသည်။

ယမန်နေ့ နံက်ပိုင်းတွင် လားရှိုးမြို့အနီးပတ်ပတ်ဝန်းကျင်ဖြစ်သည့် မယ်ဟန်၊ မိုင်းတင်၊ မန်အိုင်၊ ရှန်ခိုက်၊ မန်ဆန်ရေကျ၊ နမ့်ပေါင်၊ နမ္မကျေးရွာနဲ့ သီပေါ အစရှိသည့် ဒေသများတွင် တပ်မတော်နှင့် MNDAA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here