လာမည့် (၃)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးများလာနိုင်ပြီး မြစ်ရေများ မြင့်တက်လာနိုင်မည့် အခြေအနေလည်း ရှိနေ

0
106

လာမည့် ဇူလိုင် (၆) ရက်၊ (၇) ရက်နှင့် (၈) ရက်တို့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် မိုးများလာနိုင်ပြီး မြန်မာနိုင်ငံရှိ မြစ်ကြီးများ အားလုံး မြစ်ရေများ မြင့်တက်လာနိုင်မည့် အခြေအနေလည်း ရှိနေကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

လာမည့် ဇူလိုင် (၆) ရက်၊ (၇) ရက်နှင့် (၈) ရက်တို့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ဆက်စပ်နေသည့် အနောက်မြောက်ပိုင်းပင်လယ်ပြင်၌ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မုန်တိုင်းအဆင့်အထိတော့ ရောက်မှာမဟုတ်ပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ နောက်လာမယ့် (၃) ရက် အတွင်း (ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ) တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများလာနိုင်ကြောင်း တွေ့ရပါတယ်။ ဇူလိုင် (၅) ရက်နောက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်တဲ့ အခြေအနေပေါ်မူတည်ပြီး မိုးများနိုင်ပါဦးမယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိ အချိန်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဖျားဒေသများ၌ ရေကြီးနေပြီး မြစ်ရေအောက်ဘက် ဆင်းလာချိန်နှင့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံအားပိုကောင်းလာပြီး မိုးပိုလာချိန်တိုက်ဆိုင်နေရာ မြန်မာနိုင်ငံရှိ မြစ်ကြီးများ အားလုံးသည် မြစ်ရေများ မြင့်တက်လာနိုင်မည့် အခြေအနေလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

သို့ဖြစ်၍ မြစ်ကမ်း/ချောင်းကမ်းအနီးအနားနေထိုင်ကြသူများအနေဖြင့် ဖြစ်လာနိုင်မည့် မြစ်ရေကြီးမှုနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားသင့်ပြီဖြစ်ကြောင်းလည်း ၎င်းက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here