ဖားကန့် ဆိုင်းတောင်ကျေးရွာအတွင်း စစ်ရေးတင်းမာမှုများကြောင့် စစ်ရှောင်(၂၀၀)ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

0
41

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ဆိုင်းတောင်ကျေးရွာအတွင်း နှစ်ဘက်တပ်များ စစ်ရေးတင်းမာနေသဖြင့် ယင်းရွာဒေသခံ ပြည်သူ (၂၀၀)ဝန်းကျင်ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်က တပ်မတော်အထိုင်ချစခန်းတစ်ခုသို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်မှုကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းနေထိုင်နေသည့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

“ကျေးရွာထဲမှာကို စစ်ရေးတင်းမာနေတာပေါ့။ ထိတွေ့မှုတွေလည်း ဖြစ်ပြီးပြီ။ အခုတော့ ငြိမ်နေတယ်။ ဘယ်အချန်ထဖြစ်မလဲ မသိတာကြောင့် စစ်ရှောင်နေရတာ။အခုစစ်ရှောင်က မှော်ရှန်ဘုန်းကြီးကျောင်းတစ်ခုတည်းတင်ပြောတာ။ အခြားနေရာတွေက စာရင်းမပါသေးဘူး “ဟု ဒေသတွင်း စစ်ရှောင်အရေးကူညီ ဆောင်ရွက်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ် မှော်ရှန်ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်ပြည်သူ (၂၀၀)ကျော်ခန့် ခိုလှုံနေကြရပြီး အခြားသော ကျောက်သွေးတောင်ကျောင်း၊ ရွာဟောင်းကျောင်းများတွင်လည်း စစ်ရှောင်နေကြသူများရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံ စစ်ရှောင်များစားသောက်ရေးအတွက် အခက်အခဲဖြစ်ပေ့်နေပြီး၊ စစ်ရှောင်အရေးဆောင်ရွက်နေသည့် ဒေသတွင်းအဖွဲ့များ၊ စစ်ရှောင်စခန်းတာဝန်ရှိသူများနှင့် အလှူရှင်များပူးပေါင်း၍ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဖားကန့်မြို့နယ်၊ နတ်မှော်နှင့် မော်လကင်းကျေးရွာအနီး တိူက်ပွဲများကြောင့် ဆိပ်မူကျေးရွာ(ဆိုင်းတောင်)ရှိ မှော်ရှန်ဘုန်းကြီးကျောင်းသို့ဒေ သခံ(၇၀၀)ကျော် စစ်ရှောင်ခဲ့ကြရသေးသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ် နေရာအနှံ့အပြား၌ တပ်မတော်နှင့် KIA ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွား‌နေခြင်းကြောင့် ဒေသခံပြည်သူ သိန်းနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here