ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း တီလားဗီးယား ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

0
170

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း တီလားဗီးယား ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူကာ စနစ်တကျသန့်စင်ထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်ဇွန်လအတွင်းက တီလားဗီးယား ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

” ကျိုက်လတ်မြို့နယ်ကနေထွက်ရှိတဲ့ ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိကထားတင်ပို့ရောင်းချတာဖြစ်ပါတယ်။ ပြည်တွင်းရန်ကုန်ဈေးကွက်က ဈေးကောင်းလဲရသလို တင်ပို့ရောင်းချရတာလဲ အစစအရာရာ လမ်းကြောင်းဖြောင့်ပါတယ်။ လက်ရှိလဲ တီလားဗီးယားငါးတွေ ဝယ်လိုအားကောင်းနေပါတယ်။ အရင်လတွေလထက် တီလားဗီးယား ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရတယ်” ဟု ကျိုက်လတ်မြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

ကျိုက်လတ်မြို့နယ်တွင် မွေးမြူသည့်တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့်တီလားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါ တီလားဗီးယားငါးသက်တမ်းသည် နှစ်လနှင့် ၁၅ ရက် သို့မဟုတ် သုံးလခန့်မွေးမြူရကြောင်း၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးသို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here