ဓာတ်မြေသြဇာတန်ချိန် ၁.၆ သန်း တင်သွင်းမည်ဖြစ်သလို ဈေးကစားခြင်းမပြုရန်လည်း ကြပ်မတ်မည်

0
54

ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁.၆ သန်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေပြီး သိုလှောင်၍ ဈေးကစားခြင်းမပြုရန်လည်း ကြပ်မတ်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။

ဇူလိုင်လ ၂ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆) အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြောရာတွင် ယခုနှစ်၌ ယူရီးယားမြေဩဇာများကို ဈေးနှုန်းပိုမိုသက်သာစွာဖြင့် တောင်သူတွေထံ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန် ကုမ္ပဏီများကိုလည်း အသိပေးလိုကြောင်း ဆိုသည်။

ထို့အပြင် ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆သန်း တင်သွင်းနိုင်ရန်လျာထား သတ်မှတ်ထားရာ သွင်းအားစုတင်သွင်းသည့် ကုမ္ပဏီအလိုက် လျာထားတင်သွင်းခွင့်ပြုထားသည့် ပမာဏတန်ချိန်များအတွက် ဈေးနှုန်းအနည်းဆုံးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်မည့် ဈေးနှုန်းများကို ယှဉ်ပြိုင်စနစ်ဖြင့် စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ထိုနည်းတူ ဓာတ်မြေဩဇာများသိုလှောင်ခြင်း၊ ဈေးကစားခြင်း၊ ဈေးနှုန်းတင်ရောင်းခြင်းများမပြုလုပ်ကြဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ယူရီးယားမြေသြဇာဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ကြီးကြပ်ဆောင်ရွက်နေကာ မြို့နယ်အလိုက် အရောင်းဆိုင်များ၊ဂိုဒေါင်များမှာ သတ်မှတ်ဈေးနှင့် ရောင်း/မရောင်းကို ကော်မတီဝင်များဖြစ်သည့် ထွေ/အုပ်က ဦးစီး၍ကော်မတီဝင်ဌာနများနှင့် အတူ စိစစ်ရန်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကိုလည်း ညှိနှိုင်းအကြောင်းကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here