ဧရာဝတီမြစ်ရေမှာ ကသာမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်နှင့် ကြိုတင်ရွှေ့ပြောင်းထားကြရန် လိုက်လံ အသိပေးနှိုးဆော်

0
45

ဧရာဝတီမြစ်ရေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီဖြစ်၍ ကသာမြို့၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်နှင့် ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသင့်ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် (၄) ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အရ နံနက် (၈)နာရီအချိန်မှ စတင်၍ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ပိန္နဲကုန်းရပ်ကွက်၊ သဖန်းကိုင်းရပ်ကွက်များတွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန်နှင့် ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားသင့်ကြောင်း လိုက်လံနှိုးဆော်နေခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရာတွင် ကသာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကြံပြုဆော်ဩခြင်းနှင့် လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရေပြန်ကျပြီးနောက် ဗန်းမော်ခရိုင် ဗန်းမော်၊ ရွှေကူမြို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်နှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၊ စဉ့်ကူးမြို့တို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လာမှုနှင့် ရင်ဆိုင်လာရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြေနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်များအတွင်း ယနေ့ ဇူလိုင် (၄)ရက်၊ နံနက် (၈)နာရီအချိန်ခန့် ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်မှုကြောင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ထို့အပြင် နံနက် (၆)နာရီအချိန်၊ ဗန်းမော်မြို့နယ်၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်နှင့် ရွှေကူမြို့တို့တွင်လည်း ရေ‌ဘေးသင့် ပြည်သူ (၂၀၀၀) ကျော်အထိ ရှိလာရာ ဧရာဝတီမြစ်ရေမှာ အထက်မှ ဆင်းလာပါက စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၊ စဉ့်ကူးမြို့တို့ကိုလည်း ဖြတ်သွားသောကြောင့် အထူးဂရုစိုက်ကြရန် ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ လိုက်လံ အသိပေးနှိုးဆော်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here