မုံရွာတွင် သတ်မှတ်အခြေခံ ဈေးနှုန်းဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေး

0
39

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ဗန္ဓူလဈေးတွင် ယနေ့ ဇူလိုင် (၄) ရက် နံနက်ပိုင်းက စားသုံးသူပြည်သူများအတွက် ပေါ်ဆန်း‌မွှေးဆန်၊ ဧရာမင်းဆန်နှင့် ဧည့်မထဆန်များနှင့် စားသုံးဆီများကို သတ်မှတ်အခြေခံ ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် (၅၈၀၀) ကျပ်၊ ဧရာမင်းဆန် တစ်ပြည် (၄၂၀၀) ကျပ်၊ ဧည့်မထဆန် တစ်ပြည် (၂၈၀၀) ကျပ်တို့ဖြင့် ရောင်းချပေးရာ တစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့် လူဦးရေ (၉၀၀) ကျော်ကို ရောင်းချပေးခဲ့ရာ ရွှေဘိုပေါ်ဆန်းဆန် (၁၀) အိတ်၊ ဧရာမင်းဆန် (၂၀) အိတ်၊ ဧည့်မထဆန် (၂၀) အိတ် စုစုပေါင်း ဆန်အိတ် (၅၀)ကို စားသုံးသူပြည်သူများ လက်ဝယ်ရောင်းချပေးနိုင်ခဲ့သည်။

အလားတူ စားသုံးသူပြည်သူများအတွက် စားသုံးဆီများကိုလည်း သတ်မှတ်ဈေးနှုန်းနှင့်အညီ တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စုစုပေါင်း ဆီပိဿာ (၃၃၀) ရောင်းချပေးခဲ့ရာ ဒေသခံ ပြည်သူများ၊ ဈေးရောင်း ဈေးဝယ်များက စနစ်တကျ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

ဆန်များရောင်းချပေးရာတွင် စနစ်တကျရောင်းချနိုင်ရေး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်သော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ နိုင်ငံတဝန်း မြို့နယ် အချို့တို့ တွင် ဆန်ကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အပါဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြည်သူများအား ဆန်နှင့် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here