ကျောက်မဲတွင် စစ်ရှောင် ဦးရေ (၃၀,၀၀၀)ခန့်အထိ ရှိလာဟု ဆို

0
48

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တိုက်ပွဲကြောင့် ကျောက်မဲမြို့အပါအဝင် အနီးပါတ်ဝန်းကျင်ကျေးရွာများမှဒေသခံ စစ်ရှောင်ပြည်သူဦးရေ (၃၀,၀၀၀) ဝန်းကျင်ခန့်အထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံစစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

အဆိုပါ အရေအတွက်သည် ကျောက်မဲမြို့တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန် (၂၅) ရက်မှ ယနေ့ ဇူလိုင်(၄)ရက်နေ့အထိ ပျှမ်းမျှ စစ်ရှောင်ဦးရေ စာရင်းဖြစ်ပြီး၊မြေပြင်တွင် ယခုထက်ဦးရေ ပိုများနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် ပေါက်အင်းကြီးဘုန်းကြီး ကျောင်း စစ်ရှောင်စခန်း၊ ပေါက်အင်းကြီး စာသင်ကျောင်း စစ်ရှောင်စခန်း၊ နောင်ပိန်စစ်ရှောင်စခန်း၊ ကျောက်မဲမြို့တွင်းရှိ ရွှေညောင်ပင်ကျောင်း စစ်ရှောင်စခန်းအပါအဝင် စခန်း(၃၀)ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယင်း စစ်ရှောင်စခန်းများရှိ သက်ကြီးရွယ်အိုများ၊ က-လေ-းငယ်များအပါအဝင် အခြားသောစစ်ရှောင်ပြည်သူအချို့မှာ ဝမ်းရောဂါ၊ ချောင်းဆိုး၊ ဖျားနာနှင့်အစာအိမ် ဝေဒနာ ခံစားများခံစားနေရပြီး၊ ဆေးဝါးများဝယ်ယူ၍မရရှိခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရသည်။

“အဓိက ကတော့ ဆေးဝါး အရေးပေါ်လိုအပ်နေကြတယ်။ ကျောက်မဲမှာလည်း ဆေးဆိုင်တွေ ဆေးပြတ်နေပြီ။ အခြားနေရာမှာဖို့ကလည်း လမ်းပိုင်းတွေအဆင်မပြေတော့ အခက်အခဲကြုံနေရတယ်။ ဆေးဝါးရဖို့အတွက် အမြဲစဉ်းစားနေရတယ်။”ဟု ‌စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မဲတွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှု လုံးဝငြိမ်သက်နေပြီး ၊ လျှပ်စစ်မီးများပြတ်တောက်နေကာ ဖုန်းလိုင်းများလည်း ပြတ်တောက်လျှက်ရှိသည့်အပြင် ကြက်ဥမှလွဲ၍ အခြေခံစားကုန်များ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here