အလွန်အရေးပါသော ရွေးကောက်ပွဲအတွက် ဗြိတိန်မဲဆန္ဒရှင်တွေ မဲပေးကြပြီ

0
66

ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၄ နှစ်ကြာ အုပ်စိုးမှုအပေါ် ဆန္ဒခံယူပွဲတစ်ခုအဖြစ် ရှုမြင်ကြတဲ့ အရေးကြီးသော အထွေထွေရွေးကောက်ပွဲအတွက် ကြာသပတေးနေ့(ဇူလိုင် ၄) မှာ ဗြိတိန် မဲဆန္ဒရှင်တွေ မဲရုံတွေကိုသွားရောက် မဲပေးနေကြပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရီရှီဆူနက်က ရွေးကောက်ပွဲကို လိုအပ်တာထက် လများစွာစောပြီး လျှက်တပြက်ခေါ်ယူခဲ့တာဖြစ်ကာ သူ့ပါတီဝင်အများအပြားပင် အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။

အတိုက်အခံ လောဘာပါတီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၁၉၃၅ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ရှုံးနိမ့်မှုနဲ့ ကြုံထားခဲ့ရပေမယ့်လည်း Keir Starmer ရဲ့ ဦးဆောင်မှုအောက်မှာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေဟာ နိုင်ငံတွင်းမှာ သီတင်းခြောက်ပတ်ကြာ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြအပြီး ကြာသပတေးနေ့မှာ ရွေးကောက်ပွဲကြီး စတင်လိုက်တာဖြစ်ပါတယ်။ အခြေအတင် စကားစစ်ထိုးပွဲတွေမှာတော့ စီးပွားရေး၊ လူနေမှုစရိတ်၊ ဗြိတိန်ရဲ့ ပြည်သူ့ဝန်ဆောင်မှုအခြေအနေ၊ အခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒဆိုင်ရာ အကြောင်းအရာတွေ အဓိကပါဝင်ခဲ့ပါတယ်။

ဗြိတိန်ဟာ ဘောရစ်ဂျွန်ဆင် အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် သုံးဦးအထိ ပြောင်းလဲဦးဆောင်ခဲ့တာဖြစ်ပါတယ်။

တိုင်းပြည်နဲ့ သူ့ပါတီဝင်အတော်များများက ဂျွန်ဆင်အပေါ် အလိုမကျမှုတွေရှိလာတာကြောင့် ကွန်ဆာဗေးတစ်ပါတီဝင်တွေက ၂၀၂၂ ခုနှစ်မှာ မဲခွဲဆုံးဖြတ်ပြီး သူ့နေရာကို Liz Truss နဲ့အစားထိုးခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ဗြိတိသျှသမိုင်းမှာ သက်တမ်းအတိုဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ပါတီဝင်တွေက နောက်ပိုင်းမှာ ဆူနက်ကို အစားထိုးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်တဲ့ Brexit ရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သော Nigel Farage က ၎င်းရဲ့ လက်ယာယိမ်း ယူကေပြုပြင်ပြောင်းလဲရေး Reform UK ပါတီကို ဦးဆောင်ဖို့အတွက် ရှေ့တန်းနိုင်ငံရေးလောကကို ပြန်ဝင်မယ်လို့ ကြေညာခဲ့ပါတယ်။

ဆူနက်၊ Starmer၊ Farage နဲ့ အခြား အဓိကပါတီကြီးအားလုံးရဲ့ အကြီးအကဲတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ မဲရုံတွေမှာ လာရောက်မဲပေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ရွေးကောက်ပွဲအတွက် ဗြိတိန် မဲဆန္ဒရှင် ၄၆.၅ သန်းဝန်းကျင် မဲပေးပိုင်ခွင့်ရှိထားပြီး အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်နိုင်ငံတွေရှိ အသီးသီးသော မဲဆန္ဒနယ်တွေမှာ မဲပေးကြမှာဖြစ်ပါတယ်။ ပါတီတစ်ခုအတွက် အစိုးရဖွဲ့နိုင်ဖို့ရာ အမတ်အရေအတွက် ၃၂၆ နေရာ အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။

မဲရုံတွေကို ဒေသစံတော်ချိန် ည ၁၀ နာရီမှာ ပိတ်သွားမှာဖြစ်ပြီး ယင်းညတစ်ညလုံးနဲ့ သောကြာနေ့ မနက်အစောပိုင်းအထိ မဲတွေ ရေတွက်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ မဲရုံတွေ ပိတ်ပြီး မကြာခင်ပဲ ဗြိတိန်အသံလွှင့်ဋ္ဌာနတွေက မဲရုံအထွက် စစ်တမ်းတွေအရ မဲရလဒ်တွေကို ခန့်မှန်းထုတ်ပြန်လာဖို့ရှိနေကြောင်း သိရပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here