အမျိုးသမီးများ အခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥပဒေနှင့်အညီ အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ကြိုးပမ်းနေ

0
49

ယမန်နေ့ ဇူလိုင် (၃) ရက်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအဖွင့်မိန့်ခွန်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ထိုသို့ပြောကြားရာတွင် နစကဥက္ကဋ္ဌက အာဆီယံဒေသတွင်း ကတိကဝတ်များနှင့် ကုလသမဂ္ဂကချမှတ်ခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၅)ဖြစ်သော ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့အတွက် သက်ဆိုင်သည့် လုပ်ငန်းစဉ်များမှာ ရည်မှန်းချက်ပန်းတိုင်ပြည့်ရန် ကြိုးပမ်းအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများအပါအဝင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်အသီးသီး၌ ကာယအား၊ ဉာဏအားများဖြင့် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေကြသည့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်ကြီးမားကာ အမျိုးသမီးများကို ကဏ္ဍအသီးသီး၌ စွမ်းဆောင်ရည်ပြည့်ဝကာ ကျား၊ မ တန်းတူရည်တူပါဝင်နိုင်မှု ပိုမိုတိုးတက်မြင့်မားရေးကို အလေးထား၍ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ပြောသည်။

ထိုနည်းတူ မြန်မာအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးချိန်တစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ကာ ဘေးအန္တရာယ်ကင်းရှင်းသည့် မိခင်ဘဝရရှိစေရန် အလွန်အရေးကြီးကာ ဝေးလံပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသများ၌ နေထိုင်ကြသူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိစေရန် စေတနာ့ ဝန်ထမ်း အရန်သားဖွားဆရာမများ အသစ်မွေးထုတ်ခြင်း၊ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကျန်းမာရေးအသိပညာများ တိုးတက်လာစေရန် အသိပညာပေးစာစောင်များ ပြုစုထုတ်ဝေဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သေးသည်။

၂၀၂၄ ခုနှစ် ၊ဇူလိုင်လ (၃)ရက်တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူး ဆောင်နာယက ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here