မိုးကောင်းချောင်းရေ ဝင်ရောက်မှုကြောင့် မိုးကောင်းမြို့အနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရ

0
97

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိုးကောင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး ချောင်းထိစပ်အနိမ့်ပိုင်း နေရာအချို့ထိ ချောင်းရေဝင်ရောက်လျက်ရှိသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်‌ကောင်းချောင်းရေအမှတ်မှာလည်း (၆၆၉)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ ဇူလိုင် (၄)ရက် နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ သိရသည်။

မိုးကောင်းချောင်းရေ စိုးရိမ်ရေအမှတ်မှာ(၆၀၀)စင်တီမီတာဖြစ်ပြီး ယနေ့ ဇူလိုင် (၄)ရက်၊ နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ ယခုချိန်ထိ (၁၀၃)စင်တီမီတာ မြင့်တက်လာသဖြင့် ရေပြင်တိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေမျက်နာပြင်တိုးလာသောကြောင့် ချောင်းထိစပ်အနိမ့်ပိုင်းနေရာအချိုတွင် ချောင်းရေဝင်ရောက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးမှု ဖြစ်စဉ်ကြောင့် အခက်အခဲရှိသော နေအိမ်များသို့ လူမှုရေးအသင်းများက ထမင်းထုတ်နှင့် ရေသန့်များ လိုက်လံပေးဝေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇူလိုင် (၄)ရက် နံနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်များနှင့် ဗန်းမော်မြို့နယ်၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ရေဘေးသင့် ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here