ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက် ဝင်ရောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေရ

0
287

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီးမြို့ရှိ ရပ်ကွက်၊ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအားရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်နေရကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေမှာ ခန္တီးမြို့တွင် ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လျက်ရှိရာ စိုးရိမ်ရေအမှတ်ထက် ၁၇၅ စင်တီမီတာ ကျော်လွန်နေခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ခန္တီမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေကျေးရွာများအတွင်းသို့ မြစ်ရေများဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ဇူလိုင် (၄)ရက်က နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါမိုင်းရပ်ကွက်ရှိ တောရကျောင်းတိုက်နှင့် သာသနာပြုသီလရှင်ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်နှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လာမည့် ဇူလိုင် (၆) ရက်၊ (၇) ရက်နှင့် (၈) ရက်တို့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ဆက်စပ်နေသည့် အနောက်မြောက်ပိုင်းပင်လယ်ပြင်၌ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနှင့် မိုးများလာနိုင်ပြီး မြစ်ရေများတိုးလာနိုင်သည့်အပြင် ရေကြီးနစ်မြုပ်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ခန့်မှန်းရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here