သီပေါမြို့တွင် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထပ်မံထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိ

0
117

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ခဲ့သဖြင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်ခဲ့ရာ ယနေ့ ဇူလိုင် (၅) ရက် နံနက်ပိုင်းတွင် တောင်ကြီးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ လက်မောင်းရိုး ကျိုးဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးကုသရန်အတွက် ဒုဌဝတီမြစ်တစ်ဖက်ကမ်းမှတဆင့် တောင်ကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားမှာ ယမန်နေ့ ည(၇)နာရီအချိန်၌ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်(ဟာလျံ) အတွင်း ရှိနေစဉ် လက်နက်ကြီးကျ‌ည် ကျရောက်ခဲ့ရာမှ ထိမှန်ခဲ့ရခြင်းဖြစ်သည်။

“ညကတော့ သွားခေါ်ပြီး သွေးတိတ်အောင်လုပ်ပေးထားရတယ်၊ ဒီမနက်တော့ တောင်ကြီး ဆေးရုံခေါ်သွားတာပေါ့။ လားရှိုးဆေးရုံဘက်လမ်းက သွားလို့အဆင်မပြေတော့တာကြောင့် တောင်ကြီးကို ခက်ခက်ခဲခဲ ပို့ဆောင်ပေးလိုက်ရတယ်”ဟု ဒေသခံ စစ်ရှောင်အရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် သီပေါမြို့တွင် ဇူလိုင်(၁)ရက်၊ ညနေ(၆)နာရီခွဲ အချိန်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူ (၅)ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သေးသည်။

အဆိုပါ လက်နက်ကြီးကျည်မှာ သီပေါမြို့ ၊ စံဖိတ်ကွက်သစ်အတွင်းသို့ ကျရောက်ခဲ့ပြီး၊ ဒေသခံ အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here