ဘိုင်ဒန် သမ္မတလောင်းအဖြစ် အရွေးခံခွင့် ‘ပျက်စီး’သွားပြီဟု ဒီမိုကရက်တစ် အလှူရှင်များဆို

0
115

မစ်ရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ချာဝှစ်မာ(Gretchen Whitmer) နှင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်(Gavin Newsom) တို့ကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် နေရာတွင် အစားထိုးရန် ဦးစားပေး ကိုယ်စားလှယ်လောင်းများအဖြစ် အမေရိကန် ဒီမိုကရက်တစ်ပါတီ၏ ထိပ်တန်းအလှူရှင်များက မြင်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Financial Times သတင်းစာကြီးက ရေးသားခဲ့သည်။

“ဘိုင်ဒင် ရဲ့ အရွေးခံခွင့်ဟာ ပျက်စီးသွားပါပြီ” ဟု သမ္မတနှင့် နီးစပ်သူ အလှူရှင်တစ်ဦးက ပြောကြားပြီး “ကျွန်တော်က ဂျိုးရဲ့ အကြီးမားဆုံး အမာခံ ပရိသတ်ပါ၊ သူက လေးစားစရာကောင်းတဲ့ ပြည်သူ့အမှုထမ်းတစ်ယောက်ပါ၊ ဒါပေမယ့် သူ့အတွက် အားလုံးပြီးဆုံးသွားပါပြီ… ဒါကြောင့် သူ့အစား နောက်လာမယ့်လူတွေကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတလောင်းများအနေဖြင့် မစ်ရှီဂန်ကဲ့သို့ ပြည်နယ်များတွင် ဒေါ်နယ်ထရမ့်ကို အနိုင်ယူရန် အခွင့်အလမ်း ပိုရနိုင်သည်ဟု လူအများအပြားက ပြောကြပြီး ဝှစ်မာ(Whitmer) သည် အလှူရှင်များအကြား ထောက်ခံမှု ပိုမိုရရှိပုံပေါ်သည်ဟု Financial Times သတင်းစာကြီးတွင် ရေးထားသည်။

Financial Times ၏အဆိုအရ အလှူရှင်အချို့သည် ဘိုင်ဒင်ရွေးကောက်ပွဲမှနုတ်ထွက်သည်အထိပင် ဒီမိုကရက်တစ်ပါတီအား ထောက်ခံရန် တွန့်ဆုတ်နေကြောင်း သိရသည်။

“ဘိုင်ဒင် ရွေးကောက်ပွဲက နှုတ်မထွက်မချင်း ဒီမိုကရက်တစ်ပါတီကို အလှူငွေထည့်တာ ရပ်တော့မယ်” ဟု ကမ္ဘာကျော် ဒစ္စနေကုမ္ပဏီကြီးကို အမွေဆက်ခံသူနှင် လက်ရှိတွင် ပိုင်ဆိုင်သူ အက်ဘီဂျေးလ်ဒစ္စနေက ပြောကြောင်း သတင်းဆောင်းပါးတွင် ရေးသားထားသည်။ ဖျော်ဖြေရေးနှင့်မီဒီယာအေဂျင်စီ Endeavour ၏ အမှုဆောင်အရာရှိချုပ် အာရီ အင်မန်နျူယယ်လ် ကလည်း “မဲဆွယ်ပွဲတစ်ခုအတွက်အသက်သွေးကြောဟာ ငွေပါပဲ။ မဲဆွယ်ပွဲတွေလုပ်ဖို့အတွက် အလှူငွေတွေ မရဘူးဆိုရင် ဘိုင်ဒင် ရွေးကောက်ပွဲက နှုတ်ထွက်သွားရမှာပါပဲ” ဟုပြောကြားခဲ့သည်။

လက်ရှိသမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ကြား ပထမဆုံး စကားစစ်ထိုးပွဲကို ဇွန် ၂၇ ရက်က ကျင်းပခဲ့သည်။ “ဘိုင်ဒင် ၏ စကားစစ်ထိုးပွဲ အရည်အချင်းသည် ဒီမိုကရက်များကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်”ဟု CNN သတင်းဌာနကရေးသားခဲ့ပြီး “ဒီမိုကရက်များသည် စုပေါင်းသတ်သေသွားခြင်းဖြစ်သည်” ဟုလည်း NBC သတင်းဌာနက ရေးသားခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here