မြို့နယ် (၆) ခုမှာ မြစ်ရေများ တက်လာနိုင်ကြောင်း မိုးဇလသတိပေး

0
62

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ ဆက်လက်မြင့်တက်နေမှုကြောင့် မြို့နယ် (၆) ခု၌ မြစ်ရေများ မြင့်တက်လာကာရေကြီးရေလျှံမှုများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် (၅) ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅) ပေခန့်ကို ရောက်ရှိနေကာ နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ချင်းတွင်းမြစ်ရေသည်လည်း မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်ကို ရောက်ရှိနေပြီး နောက် (၆) နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည်ဖြစ်သလို မင်းကင်းမြို့တွင်လည်း ယင်းမြို့ စိုးရိမ်ရေမှတ်သို့ နောက်(၂)ရက်အတွင်း ရောက်ရှိလာနိုင်ကြောင်း သိရသည်။

မုံရွာမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၃)ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည် ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နန့်ယင်းနှင့် နန့်ကောင်းချောင်းရေကြောင့် လက်ရှိရေမြင့်တက်နေသည့် ဗန်းမော်မြို့အပါအဝင် သပိတ်ကျင်းမြို့၊ မော်လိုက်မြို့၊ မင်းကင်းမြို့၊ မုံရွာမြို့များအတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် မြစ်ကမ်းပါးအနီးနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here