မြန်မာက ဂေဟစနစ်အတွက် သစ်တောများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေ

0
144

မြန်မာနိုင်ငံအနေဖြင့် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ ဂေဟစနစ်တည်ငြိမ်စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဇူလိုင်လ (၄)ရက်က ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်ကို ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့် သဘာဝတရားအကြား သဟဇာတဖြစ်စေသော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ရေခဲမြစ်များထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ရိုးရာဆေးဖက်ဝင်အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများဟန်ချက်ညီစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝထိန်းသိမ်းရေး နယ်မြေ (၈) ခု၊ နိုင်ငံဧရိယာ၏ ၂.၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံဧရိယာ၏ ၆.၄၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ဒေသမျိုးရင်းဆေးဖက်ဝင် အပင်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ၊ အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများနှင့် သဘာဝအခြေပြုခရီးသွား လုပ်ငန်းများတွင်ခိုင်မာ၍ လက်တွေ့ကျသော မူဝါဒများနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်တိုးမြှင့်ဆောင်ရွက်သွားကာ မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့် ရပ်ဝန်းဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံပေါင်း (၁၂)နိုင်ငံမှ ဝန်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသားကျောင်းသူများ၊ သုတေသီများ စုစုပေါင်းအင်အား (၃၀၀) နှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here