မြဝတီရှိ ငွေလိ-မ်ဂိုဏ်းတစ်ခုမှ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ကယ်ထုတ်ခဲ့ဟု ဆို

0
241

မြန်မာနိုင်ငံ မြဝတီဖက်ရှိ ငွေလိ-မ်ဂိုဏ်းတစ်ခုမှာ အတင်းအကျပ်ခိုင်းစေခံခဲ့ရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ကယ်တင်ခဲ့ပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိသွားပြီဖြစ်တယ်လို့ ဒီနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းက လူတွေကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ဖြားယောင်းသွေးဆောင်ခေါ်ယူတဲ့ ငွေကြေးလိ-မ်လည်သူတွေက မြဝတီခရိုင်မှာ မော်ရိုကိုနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးထားတဲ့အတွက် ကူညီဆောင်ရွက်ပေးဖို့ ဘန်ကောက်ရှိ မော်ရိုကို သံရုံးက ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပြီးနောက် သူတို့ကို ကယ်တင်နိုင်ခဲ့တာလို့ သိရပါတယ်။

အောက်လွှတ်တော်ရဲ့ နိုင်ငံတော်လုံခြုံရေးကော်မတီဥက္ကဋ္ဌ MFP ပါတီအမတ် Rangsiman Rome က သူ့ရဲ့လုပ်ပိုင်ခွင့်အရ ဒီကယ်ဆယ်ရေးမစ်ရှင်မှာ ကူညီဖို့ ထိုင်းတပ်မတော်ကို တောင်းဆိုခဲ့ပါတယ်။

ထိုင်းစစ်တပ်က မော်ရိုကိုနိုင်ငံသားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ဖမ်းဆီးထားသူတွေနဲ့ ညှိနှိုင်းရာမှ ၁၂ ဦး လွတ်မြောက်လာခြင်းဖြစ်တယ်လို့ မစ္စတာ Rangsiman က ပြောဆိုပါတယ်။ မော်ရိုကိုနိုင်ငံသား ၂၁ ဦးအနက် ၇ ဦးက ပြန်ရွေးငွေပေးဆောင်ပြီးနောက် လွတ်မြောက်သွားခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်နှစ်ဦးကတော့ မြဝတီမြို့ကနေ ပြန်ထွက်ဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

“တပ်မတော်ကို ကျေးဇူးတင်ကြောင်း ထပ်ပြောလိုပါတယ်၊ မိမိတို့အနေနဲ့ သူတို့မပါဘဲ မော်ရိုကိုနိုင်ငံသားတွေကို ကယ်ထုတ်ဖို့က ဖြစ်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြောဆိုသွားပါတယ်။

ထိုင်းစစ်တပ်က ဖောင်ဒေးရှင်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာနဲ့ ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မော်ရိုကို ၂၁ ဦးဟာ ကာစီနိုတစ်ခုမှာ ဖမ်းဆီးခံထားရတာကို သိရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ မြန်မာဘက်ရှိ DKBA အဖွဲ့ကို ဆက်သွယ်ပြီး ကာစီနိုပိုင်ရှင်နဲ့ စေ့စပ်ညှိနှိုင်းနိုင်ဖို့ရာ အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် မော်ရိုကို ၁၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး သောကြာနေ့ မနက် ၁၀ နာရီမှာ သူတို့ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ထိုင်းစစ်တပ်ဖက်က အတည်ပြုခဲ့ပါတယ်။

အခြားနိုင်ငံသားများလည်း ပိတ်နေမှုများရှိရာ ထိုင်းရဲ၊ မြန်မာနိုင်ခြားရေးဝန်ကြီးဌာနမှတဆင့် ဒေသခံအာဏာပိုင်များနှင့်ဆက်သွယ်၍ ကယ်ထုတ်နေရခြင်းများရှိသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here