အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်ရုံ မဟုတ်ဘဲမိသားစုလွှဲပို့ငွေများ ပြန်ပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုဟု ပြည်ထောင်စုဝန်ကြီးပြော

0
242

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များကို ဇူလိုင်လ (၆) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ အခြားဟူ၍ နိုင်ငံအလိုက် အသင်းငယ်များဖွဲ့စည်းထားကြောင်း၊ MOEAA သည် အေဂျင်စီပေါင်း ၅၀၀ ကျော်ရှိသဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် အသင်းများဖွဲ့စည်းပေးပြီး ပြည်ပသို့ အလုပ်သမားစေလွှတ်မှုကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအလိုက် အသင်းငယ်များ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပြည်ပရှိ အမှန်တကယ်အလုပ်အကိုင်များကို အလုပ်သမားများအနေဖြင့် ရရှိအောင်ဆောင်ရွက်ကြရာတွင် ဝန်ဆောင်ခအနေဖြင့် အနည်းဆုံးဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်ပအလုပ်လုပ်ကိုင်လိုသူ အလုပ်သမားများ အလိ-မ်မခံရစေရန် အသင်းများ ညီညီညွတ်ညွတ်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အထူးသဖြင့်အလုပ်သမားများ ပြည်ပမထွက်ခွာမီ စာချုပ်ချုပ်ဆိုရာတွင် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ အစိုးရပုံမှန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန်၊ အခွန်နှစ်ရာခိုင်နှုန်းပေးဆောင်ရန် ပါရှိပြီးဖြစ်သဖြင့် အေဂျင်စီများအနေဖြင့် အလုပ်သမားစေလွှတ်ရုံ မဟုတ်ဘဲ မိသားစုလွှဲပို့ငွေများ ပြန်ပို့စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေလွှတ်စာရင်းအရ မှတ်တမ်းတင်ထားပြီး မိသားစု လွှဲပို့ငွေပြန်ပို့ခြင်း ရှိ၊ မရှိစိစစ်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

နိုင်ငံတော်အတွက်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနေခြင်းဖြစ်၍ တာဝန်အပြင် စေတနာပါထည့်ပြီး ဆောင်ရွက်ရန်လိုကြောင်းနှင့် နိုင်ငံအလိုက်အသင်းခေါင်းဆောင်များအနေဖြင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များ၏ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် လိုအပ်သည်များကို ရှင်းလင်းမှာကြား၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here