ပြည်ပရောက် မြန်မာအလုပ်သမားများ အကူအညီတောင်းပါက ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထား

0
273

အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာတစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

ဇူလိုင်လ(၇) ရက်တွင် ကျင်းပပြုလုပ်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ ဧကာ ဒသမ အကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမား ဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး ဆောင်ရွက်ကြရန် ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ထို့ပြင် ပြည်ပရောက် မြန်မာအလုပ်သမားများ အနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းများမှတဆင့် ပြန်လည်လွှဲပို့စေရေးအတွက် တာဝန်ခံစေလွှတ်သော အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာသို့ သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေးဆောင်ရွက်ကြရန်လည်း ၎င်းကဆိုသည်။

ထို့ပြင် နိုင်ငံအလိုက် အလုပ်သမားထွက်ခွာမှု စာရင်းများမှတဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်လျက်ရှိသည့် MOEAA နှင့် အေဂျင်စီများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လိုကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ၏ အကျိုး၊ အေဂျင်စီများ၏ အကျိုးကို ရှေးရှု၍ လုပ်ငန်းများခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် သတ်မှတ်ဝန်ဆောင်ခများထက် ပိုမိုကောက်ခံခြင်းမပြုရန်လည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အေဂျင်စီများ အနေဖြင့်လည်း ကျင့်ဝတ်နှင့်လျော်ညီသည့် အေဂျင်စီများဖြစ်စေရေး လိုက်နာဆောင်ရွက်ပေးကြရန်၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဌာနမှသတ်မှတ်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြရန်၊ အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် စနစ်တကျ မှန်မှန်ကန်ကန်စေလွှတ်ရန်၊ မိမိတို့စေလွှတ်ထားသည့် အလုပ်သမားများအား ကူညီစောင့်ရှောက်ပေးကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here