မဒေးကျွန်း ရေနံတင်ချဆိပ်ကမ်း ရေလမ်းကြောင်းကို တရုတ်ကုမ္ပဏီက ပြုပြင်မည်

0
259

မဒေးကျွန်းရေနံတင်ချဆိပ်ကမ်း ရေလမ်းကြောင်းကို တရုတ်ကုမ္ပဏီ တခုဖြစ်သော SEAOP က ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

SEAOP သည် တရုတ်အစိုးရပိုင် အမျိုးသားရေနံ ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်ကာ မဒေးကျွန်းရေနံတင်ချဆိပ်ကမ်း၌ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို Hopper Dredger, REEM ISLAND (Call Sign: V 702J2) ရေယာဉ်ဖြင့် ဇူလိုင်လ (၁၅) ရက်မှ စက်တင်ဘာ (၃၀) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုပြင်နေစဉ်အတွင်း လုပ်ငန်းခွင်ဧရိယာမှ ၅၀၀ မီတာပတ်လည်အတွင်း ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန် ရေကြောင်းသတိပေးချက်များလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နေရာ (Point) (၅) ခု၌ ရေလမ်းကြောင်းတူးဖော်သွားမည်ဖြစ်ကာ ရာသီဥတုဆိုးရွားပါက ခေတ္တနားခိုမည့် ဧရိယာ (၄) ခု၊ အရေးပေါ်အခြေအနေတွင် ခေတ္တနားခိုမည့် လျာထားနေရာ (၁) အတွင်း နားခိုရန် နေရာ (၄) ခု၊ လျာထားနေရာ (၂) အတွင်း နားခိုရန်နေရာ (၄) ခုနှင့် မြေသားစုပုံမည့် ဧရိယာ (၁) ခု သတ်မှတ်ထားကြောင်း သိရသည်။

မဒေးကျွန်းရေနံတင်ချဆိပ်ကမ်းကို တန်ချိန် (၃) သိန်းဆန့် ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်ရန် အကောက်ခွန်ဦးစီး ဌာနအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့ကြောင်းလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဖော်ပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here