သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရန် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကို ချမှတ်လုပ်ဆောင်နေဟု နစကဒုဥက္ကဋ္ဌ ပြော

0
127

သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောစီးပွါးရေးမူဝါဒကို လက်ရှိမူဝါဒများနှင့် မဟာဗျူဟာများဖြစ်သည့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊နိုင်ငံတော်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်များအပေါ်အခြေခံ၍ ကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ပတ်သက်သူများ၊ နိုင်ငံတကာ ပညာရှင်များနှင့် ဆွေးနွေးပြီး ပြုစုရေးဆွဲထားကြောင်းလည်း နစကဒုဥက္ကဋ္ဌက ဆိုသည်။

ယမန်နေ့ ဇူလိုင် (၈)ရက်က တရုတ်ပြည်သူသမ္မတနိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်တွင် နစက ဒုဥက္ကဋ္ဌက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတများကို ထိရောက်စွာအသုံးချသည့် ကာဗွန်ထုတ်လုပ်မှုနည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ဆောင်ရွက်နေခြင်းဖြင့်သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုတာဝန်ယူနေကြောင်း ပြောသည်။

ဆောင်ရွက်ချက်များအနေဖြင့် ပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်းလောင်စာသုံးယာဉ်များအသုံးပြုမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံအတွင်းလျှပ်စစ်သုံးယာဉ်တိုးတက်ရေးမူဝါဒကို ပြဌာန်းကာ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်၍ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်အသုံးပြုခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ထို့ပြင် သစ်တောပြုန်းတီးမှုလျှော့ချကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို အထောက်အကူပြုရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာများကိုလည်း နိုင်ငံဧရိယာ၏ (၃၀) ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိနေကာ ယခုအခါ အာဆီအယံအမွေအနှစ်ဥယျာဉ် (၈) ခု၊ ရမ်ဆာရေဝပ်ဒေသ (၇) ခု၊ လူသားနှင့်ဇီဝအဝန်းနယ်မြေ (၂) ခု အပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေ (၈) ခုနှင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းစခန်း (၂၂) ခုတို့ကိုသတ်မှတ်နိုင်ခဲ့ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဒုဥက္ကဋ္ဌက ယင်းဖိုရမ်တွင် ရှင်းပြသည်။

ထိုနည်းတူ ကာဗွန်လျှော့ချခြင်း လုပ်ငန်းများဖြစ်သည့် သန့်ရှင်းသောဖွံ့ဖြိုးမှုလုပ်ငန်းစဉ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ၊ ကာဗွန်ခရက်ဒစ်ပူးပေါင်းလုပ်ငန်းစဉ်များတွင် စွန့်ပစ်အမှိုက်က လျှပ်စစ်ထုတ်သည့်လုပ်ငန်း၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းလုပ်ငန်း၊ ဒီရေတောစိုက်ခင်းတည်ထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းစသည့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေသောဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း နစက ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆန်းဦးတို့ တက်ရောက်ဆွေးနွေးလျက်ရှိသည်။

ရှန်တုန်းပြည်နယ် ချင်းတောင်မြို့တွင်ပြုလုပ်နေသည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ တူကီရဲနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ နီပေါနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here