ပဠိပက္ခဒေသများမှ ကလေးများ ကျောင်းသို့ ရောက်ရှိလာသည့်အခါ စိတ်ခွန်အားပေး၍ စောင့်ရှောက်ရန် ပညာရေးဝန်ကြီးပြော

0
129

ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ဆရာမများအနေဖြင့် မိဘမဲ့ကလေးများ၊ ပရဟိတကျောင်းများမှ ကလေးများ၊ စစ်ဘေးရှောင်ကလေးများ ကျောင်းသို့ရောက်ရှိလာသည့်အခါ စိတ်ဓာတ်ခွန်အားပေး၍ နွေးနွေးထွေးထွေးဖေးမ ကူညီစောင့်ရှောက်ပေးကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။

ယမန်နေ့ ဇူလိုင်(၈)ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများကို အွန်လိုင်းဖြင့် တွေ့ဆုံရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာကျောင်းသား ကျောင်းသူ ၇ ဒသမ ၄ သန်းခန့် အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ/ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူတိုင်း ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက်ပေးကြရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ ချုံပုတ်များ ကင်းစင်ရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် မိုးတွင်းကာလဖြစ်၍ စာသင်ဆောင်၊ ကျောင်းဆောင်များနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများရှိပါက မလွတ်ကင်းသည့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးရန်လိုကြောင်း၊ ပညာရေး ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ပညာရေးမူဝါဒများ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် မိမိ၏လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန်လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here