မြစ်ကြီးနားတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း စက်သုံးဆီစျေးမြင့်တက်နေ

0
130

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြို့ပေါ်ရပ်ကွက်အချို့ရေနစ်မြုပ်ခဲ့ပြီးနောက် စက်သုံးဆီသယ်ဆောင်ယာဉ်အဝင်နည်းပါးနေကာ စက်သုံးဆီစျေးမြင့်တက်မှုနှင့်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“ဆီဆိုင်ပန့်ကြီးတွေ အကုန်မဖွင့်သေးဘူး။ လမ်းဘေးဆိုင်လေးတွေစီမှာတော့ရတယ်။ တစ်လီတာက်ို တစ်သောင်းခွဲလောက်ပေးနေရတယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြော သည်။

ရေကြီးရေလျှံမှုကြောင့် ဆီဆိုင်များလည်း ပိတ်ခဲ့ရကာ လက်ရှိတွင်မူ ဆီဆိုင်များအား ပြန်လည်သန့်ရှင်းခြင်း၊ ဆီကန်များအားဆေးကြောခြင်းတို့ ပြုလုပ်နေခြင်းကြောင့် ဆီဆိုင်ကြီးများ ပိတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဖွင့်တဲ့ဆိုင်တွေကလည်း လူဦးရေကန့်သတ်ပြီး (၅၀၀၀)ဖိုးပဲရောင်းပေးတယ်။ အဲဒီမှာ ဆီတန်းစီတိုးပြီး ပြန်ရောင်းနေကြတာတွေလည်းရှိတယ်” ဟု စက်သုံးဆီဝယ်ယူနေရသည့် မြို့ခံတစ်ဦးကလည်း ရှင်းပြသည်။

ထိုနည်းတူ မော်တော်ယာဉ် အသုံးပြုသူများနှင့် မြစ်ကြီးနားတွင် ရေဘေးပြန်လည်ထူထောင်ရေးအတွက် ပြုလုပ်နေကြသည့် ပရဟိတအသင်းအဖွဲ့များလည်း စက်သုံးဆီ ပြတ်လပ်မှုဒုက္ခနှင့် ကြုံတွေ့နေရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဇွန် (၂၉) ကစတင်၍ ဧရာဝတီမြစ်ရေ တိုးလာကာ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များ၌ ရေနစ်မြုပ်ခဲ့ပြီး ရေပြန်ကျသွားသည့် ယခုအချိန်တွင်မူ စက်သုံးဆီရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်များကိုပါ ခံစားနေရကြောင်း သိထားရသည်။

ဓာတ်ပုံ – မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံဖြစ်ခဲ့သည့် စက်သုံးဆီဆိုင်တဆိုင်ကို တွေ့မြင်ရစဉ်။


LEAVE A REPLY

Please enter your comment!
Please enter your name here