မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခန္တီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေအတက်ကြမ်းကာ ရေလွှမ်းမိုးမှုများကြောင့် ကျောင်း (၁၅) ကျောင်း ယာယီပိတ်ထားရ

0
97

စစ်ကိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဇွန်လ(၂၃)ရက်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေအတက်ကြမ်းကာ ခန္တီးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ် နေသည့်အတွက် ဒေသခံ ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်နေကြရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများသည် မြသိန်းတန်ဘုန်းကြီးကျောင်း၊ ပေါမိုင်းဘုန်းကြီးကျောင်း ၊ ပေါမိုင်းမူလွန်ကျောင်း၊ ဇီးဖြူကုန်း အ.လ.ကနှင့် လာဝယ်ကျေးရွာခန်းမနှင့် ဆွေမျိုးနီးစပ်ရာ နေအိမ်များတွင်ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း(၁၅)ကျောင်း ခေတ္တပိတ်ထားရကာ မြစ်ရေပြန်လည်ကျဆင်းချိန်တွင် အစားထိုးဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေစတင်ဝင်ကာစက ရေဘေးသင့်ပြည်သူ အိမ်ထောင်စုပေါင်း (၂၁၂) စု၊ လူဦးရေ (၁၀၁၂) ဦးတို့အား သက်ဆိုင်ရာဌာနများနှင့် စေတနာရှင်အလှူရှင်များက ဆန်၊ ဆီ၊ဆား ထောက်ပံ့ခြင်း၊ ထမင်းထုတ်များ ဝေငှခြင်းများဖြင့် လှူဒါန်းပေးခဲ့ကြပြီး ဇူလိုင် (၇)ရက်အထိ ထပ်မံရေဘေးသင့်ပြောင်းရွေ့လာသူ အိမ်ထောင်စုပေါင်း (၂၄၁)စု၊ လူဦးရေပေါင်း (၁၂၆၃) ဦး ၊ စုစုပေါင်း အိမ်ထောင်စု (၄၅၃) စု၊ လူဦးရေ (၂၂၇၅) ဦးရှိကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများထံ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နှစ်ပတ်စာငွေကျပ် ၄၂၅၀၄၀၀ကျပ်ကို ဇူလိုင် (၅)ရက် မွန်းလွှဲပိုင်းက အခြေချစစ်ဗျူဟာ(ခန္တီး)စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနတာဝန်ခံများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here