မုံရွာမြို့ အေးသာယာရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် (၁၀) လုံးကျော် မီးလောင်ဆုံးရှုံး

0
83

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊အေးသာယာရပ်၊အုန္နဲပင်လမ်းနှင့် ကမ်းနားလမ်းကြားရှိ လမ်းသွယ်တွင် ယမန်နေ့ ဇူလိုင်လ (၉)ရက် ည (၁၀)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားကာနေအိမ် (၁၀) လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်တာ အိမ်ပါသွားတယ်။ ခုန်ဆင်းပဲ။ ဘာမှမရလိုက်ဘူး။ မိသားစုက (၇)ယောက်ရှိတယ်။ အိမ်အသစ်ပြန်ဆောက်နိုင်ဖို့ မလွယ်ဘူး။ မီးလောင်တဲ့အထဲက ရလိုရညား ပစ္စည်းတွေရှာနေတာပါ။ မီးလောင်ခံရတဲ့ အိမ်က (၁၅)လုံးရှိတယ်”ဟု မီးဘေးသင့်သူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အေးသာယာရပ်၊ အုန္နဲပင်လမ်းနှင့် ကမ်းနားလမ်းကြား လမ်းသွယ်တွင်နေထိုင်သော ဒေါ်မြင့်မြင့်သိန်း(ခ) ဒေါ်ပဲပဲ၏ နေအိမ်အိပ်ခန်းအတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှ ခြင်ထောင်မှတဆင့် နေအိမ်ထရံသို့ မီးစတင်ကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်ထံ၏ ပြောကြားချက်အရ သိရသည်။

“ဆုံးရှုံးမှု တန်ဖိုးကတော့ စိစစ်ဆဲဖြစ်ပါတယ်။ မီးဘေးသင့်သူတွေကတော့ နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်နဲ့ အေးသာယာရပ်ထဲက ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေကြပါတယ်”ဟု မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်ကပြောသည်။

မီးလောင်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးမှ ပိုလန်မီးသတ်ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်(၂)စီး အပါအဝင် မုံရွာခရိုင်၊ မုံရွာမြို့နယ် မီးသတ်စခန်းများနှင့် အေးသာယာ၊ အောင်ချမ်းသာ၊ ထန်းတော၊ ဒေါနခြံ၊ ကွေ့ကြီး၊ ကမ်းနားလမ်း၊ မြို့သစ်၊ သလ္လာရပ်ကွက်များမှမီးငြိမ်းသတ်ယာဉ် (၁၇) စီး၊ ရေသယ်ယာဉ်(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးနှင့် လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ရာ ည(၉) နာရီမိနစ် (၅၀) ခန့်က စတင်လောင်သော မီးသည် ည (၁၁)နာရီ (၅)မိနစ်တွင် လုံးဝငြိမ်းသွားကြောင်း သိရသ ည်။

မီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦး၊ မုံရွာခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် မုံရွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇင်မိုအောင်တို့က အနီးကပ်ကြီးကြပ်ငြိမ်းသတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here